ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ အဓိကနောက်ခံလူ တဦး ဖြစ်သူ ဗာရန်း တယောက် ဒဏ်ရာရရှိသွားပြီးနောက် အရောင်းစာရင်း တင်ထားတဲ့ နောက်ခံလူ မက်ဂွဲယားကို မရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talk Sportက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချခံထားရတဲ့ ဟယ်ရီ မက်ဂွဲယားဟာ အရောင်းစာရင်း တင်ခံထားရတဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူ့ကို အသင်းရဲ့ စတုတ္ထ ဦးစားပေး ခံစစ်မှူး အဖြစ်သာ သတ်မှတ်ထားပါတယ်။

Photo Credit: Goal

အဲရစ် တန်ဟက်ဂ်က မက်ဂွဲယားကို ဒီနွေဈေးကွက် အတွင်းမှာ အပြီးသတ် ရောင်းချဖို့ စီစဉ်ထားသလို လန်ဒန်မြို့ခံကလပ် ဖြစ်တဲ့ ဝက်စ်ဟမ်းကလည်း မက်ဂွဲယားကို ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့ပေမယ့် မက်ဂွဲယားကတော့ သူ လိုချင်တဲ့ လုပ်ခလစာ မရတာကြောင့် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဝက်စ်ဟမ်းက မက်ဂွဲယားကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာပြီး ဒီတကြိမ်မှာ ဝက်စ်ဟမ်းက မက်ဂွဲယားကို အငှားနဲ့သာ ကမ်းလှမ်းလာတာ ဖြစ်ကာ မက်ဂွဲယားကလည်း ဝက်စ်ဟမ်းဆီ အငှားနဲ့ ပြောင်းခဲ့ရင် လက်ရှိ ရနေတဲ့ လုပ်ခလစာကို ဆက်လက် ရနေဦးမှာ ဖြစ်တာကြောင့် ဝက်စ်ဟမ်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talk Sportရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းရဲ့ မက်ဂွဲယား အတွက် အငှားကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ဗာရန်း တယောက် ဒဏ်ရာရသွားတာကြောင့် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွဲယားကို အငှားချမှာ မဟုတ်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပေမယ့် ရိုမာနိုကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းသာ ရမယ် ဆိုရင် မက်ဂွဲယားကို ရောင်းချမယ်လို့ ယုံကြည်နေပါတယ်။