ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ဂိုးသမားနေရာ အတွက် နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အင်တာမီလန် ဂိုးသမား အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အားကိုးရမယ့် ဂိုးသမားကောင်း တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူ့ရဲ့ တပည့်ဟောင်း အိုနာနာကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Team Talk

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ အေဂျက်ကနေ အင်တာမီလန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အချိန်တိုအတွင်းမှာ အင်တာမီလန်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာသလို အင်တာမီလန်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က တပည့်ဟောင်း အိုနာနာကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ ဆန္ဒရှိနေသလို အိုနာနာကလည်း ဆရာဟောင်း တန်ဟက်ဂ်နဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်ဆုံဖို့ သဘောတူထားပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးနောက် အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အင်တာမီလန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန်သာ လိုအပ်တော့ပြီး အင်တာမီလန်ကလည်း အိုနာနာကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အိုနာနာ အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ အိုနာနာ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု လုပ်မှာ ဖြစ်ကာ အင်တာမီလန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဦးမှာ မဟုတ်ပဲ ယူရို ၅၀သန်း အထိ ရအောင် တောင်းဆိုသွားမယ်လို့ သိရပါတယ်။