ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အကယ်ဒမီအတွက် အားဖြည့်မှု အဖြစ် ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗ်အကယ်ဒမီနဲ့ တောက်ပနေတဲ့ လူငယ် ညာနောက်ခံလူ အိုခိုဒူဝါကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၅နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်-နိုင်ဂျီးရီးယားနွယ်ဖွား လူငယ်ကစားသမား ဝက်စ်လေ အိုခိုဒူဝါက ဝုလ်ဗ်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ၁၆နှစ်တောင် မပြည့်သေးပေမယ့် ဝုလ်ဗ် ယူ-၁၈အသင်းမှာ ပုံမှန် ကစားခွင့် ရနေပါတယ်။

Photo Credit: Standard

အိုခိုဒူဝါရဲ့ အချက်အလက် အပြည့်အစုံကို မသိရသေးပေမယ့် သူက အင်္ဂလန် ယူ-၁၆အသင်းမှာ ပါဝင် ကစားခွင့် ရနေသလို ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗ် ယူ-၁၈အသင်း အတွက် ၈ပွဲ ၊ ဝုလ်ဗ် ယူ-၂၃အသင်း အတွက် ၂ပွဲ ပါဝင် ကစားပေးထားနိုင်ပါတယ်။

ဒါ့အပြင် အိုခိုဒူဝါက မတ်လ ၂ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၃-၀ ဝုလ်ဗ် ပွဲစဉ်မှာ ဝုလ်ဗ်ရဲ့ လူစာရင်းထဲမှာ ပါဝင်ခွင့် ရခဲ့ပြီး သူက ဝင်ရောက် ကစားခွင့် မရခဲ့ပေမယ့် ဝုလ်ဗ်ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့နာမည်ကို သတိထားမိခဲ့ကြပါတယ်။

Photo Credit: United Person

အင်္ဂလန်နိုင်ငံရဲ့ လူငယ်အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ Secret Scout သတင်းရင်းမြစ်ရဲ့ ဖော်ပြချက်အရ ဝုလ်ဗ်ရဲ့ တာဝန်ရှိသူတွေက အိုခိုဒူဝါကို အနာဂတ်မှာ ကြယ်ပွင့် ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း အိုခိုဒူဝါကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။

အိုခိုဒူဝါဟာ အသက် ၁၆နှစ် မပြည့်သေးပေမယ့် ဝုလ်ဗ်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး တရပ် ပေးချေရဖို့ ရှိနေပြီး ဝုလ်ဗ်ကတော့ အိုခိုဒူဝါ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁သန်း ကနေ ၅သန်းကြား ပမာဏ တရပ် တောင်းဆိုဖွယ် ရှိပါတယ်။