ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဗက်ဟို့စ်(အငှား) တို့ကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ယုံစားလို့ မရသလို ဗက်ဟို့စ်ကလည်း ထိပ်တန်း တိုက်စစ်မှူး တဦး မဟုတ်တာကြောင့် အသင်းကို ဦးဆောင်နိုင်စွမ်း ရှိတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: Team Talk

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီတိုက်စစ်မှူး အိုဆီမန် ၊ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ် ၊ ဆဲလ်ဘက်နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အိုဆီမန်နဲ့ ဟယ်ရီကိန်းတို့ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတာ ၂နှစ် ရှိနေပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်ဟာ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

နာပိုလီက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို ရောင်းချဖို့ မစဉ်းစားသေးပေမယ့် လာမယ့် နွေဈေးကွက်မှာ အိုဆီမန် အတွက် ယူရို ၁၅၀သန်း ဝန်းကျင် တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုသာ ရောက်လာရင် ရောင်းချဖို့ စိတ်ကူးထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြထားကြပါတယ်။

အိုဆီမန်ကတော့ သူ့ရဲ့ အနာဂတ် အတွက် မကြာခင်မှာ နာပိုလီရဲ့ တာဝန်ရှိသူတွေ ၊ သူ့ရဲ့ အေးဂျင့်တို့နဲ့ တွေ့ဆုံကာ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်းနဲ့ နာပိုလီရဲ့ သဘောတူညီချက် ရရှိမှသာ အသင်းပြောင်းဖို့ စဉ်းစားမှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုထားပါတယ်။