ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက မာရှယ်နဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲသာ ရှိနေသလို နှစ်ဦးစလုံးက ရာသီပြည့် ကစားနိုင်တဲ့ ကြံ့ခိုင်မှု အနေအထား တရပ်မှာ ရှိမနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် နောက်ထပ် တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min

ယခုအချိန်မှာတော့ ယူနိုက်တက်က ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုနဲ့ စတုဂတ် တိုက်စစ်မှူး ကာလာဒစ်ချ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အက်သလက်တီကို မက်ဒရစ်ကနေ ရောင်းထုတ်ချင်နေတဲ့ စပိန်တိုက်စစ်မှူး မိုရာတာနဲ့ တရားဝင် ဆွေးနွေးမှုတွေကိုသာ ဦးစွာ ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မိုရာတာကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး အက်သလက်တီကို မက်ဒရစ်ကတော့ မိုရာတာအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က မိုရာတာကို ယခု နွေဈေးကွက် အတွင်းမှာ အပြီးသတ် ခေါ်ယူဖို့ထက် တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ခေါ်ယူဖွယ် ရှိနေပြီး အက်သလက်တီကို မက်ဒရစ်ကလည်း ကစားသမားသစ်တွေကို လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ မိုရာတာအား အငှားချရန် စိတ်ဝင်စားနေကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အသက် ၂၉နှစ် အရွယ် စပိန်လက်ရွေးစင် တိုက်စစ်မှူး မိုရာတာက ချယ်လ်ဆီးမှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ကာလာဒစ်ချ်နဲ့ ဂတ်ပိုတို့ထက် လိဂ်အတွေ့အကြုံ ပိုရှိတဲ့ မိုရာတာကို ပိုသဘောကျနေကြကြောင်းလည်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။