ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့မှာ ကစားခဲ့တဲ့ ဆီဗီးလားနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ခြေဖမိုးရိုးကျိုးဒဏ်ရာ ရခဲ့တဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်ကို ရာသီကုန် အထိ လက်လွှတ်ခဲ့ရသလို အဆိုပါပွဲရဲ့ ပထမပိုင်းမှာပဲ ခြေထောက်ဒဏ်ရာ ရခဲ့တဲ့ နောက်ခံလူ ဗာရန်းကိုလည်း ရာသီကုန် အထိ လက်လွှတ်ရနိုင်ချေ ရှိနေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ဆီဗီးလားကို ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးမှ နောက်ကျချေပဂိုးတွေ ပြန်ပေးခဲ့ရသလို အားကိုးရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကလည်း အဝါကတ် ထိခဲ့တာကြောင့် ဒုတိယအကျော့ပွဲကို လွဲချော်တော့မှာ ဖြစ်ပြီး အဓိက ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ပါ ဒဏ်ရာရသွားတာကြောင့် အဆိုပါပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဆုံးအရှုံး ကြီးမားခဲ့တဲ့ ပွဲစဉ်လို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: 90 Min

ယနေ့မနက် အစောပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်က ခြေဖမိုးရိုးကျိုးဒဏ်ရာ ရခဲ့တဲ့ မာတီနက်ဇ်ဟာ ရာသီကုန် အထိ အနားယူရတော့မယ့် အကြောင်းကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ပေမယ့် ခြေထောက်ဒဏ်ရာ ရထားတဲ့ ဗာရန်းရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မဖော်ပြခဲ့ပဲ ဗာရန်းဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့သာ ကြေညာခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဗာရန်းရဲ့ ဒဏ်ရာကို အခုချိန်အထိ ဆေးစစ်မှုတွေ မလုပ်ရသေးပဲ ယူနိုက်တက်ရဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဗာရန်းဟာ ရာသီကုန် အထိ အနားယူရမှာကို စိတ်ပူနေကြောင်း သိရပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက လာမယ့် ၆ပတ် အတွင်းမှာ အဆုံးသတ်ဖို့ ရှိနေတာကြောင့် ဗာရန်းက ၄ပတ် ဒါမှမဟုတ် ၅ပတ် ဝန်းကျင် အနားယူခဲ့ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အတွက် ရာသီမကုန်ခင်မှာ ပြန်ကစားပေးနိုင်ဖို့ မလွယ်ကူပါဘူး။

ဒါပေမယ့် ကံကောင်းတဲ့ အချက်တခုက ဒီရာသီမှာ ဗဟိုခံစစ်မှူး အဖြစ် အကြိမ်အနည်းငယ် ကစားခဲ့ဖူးတဲ့ ဘယ်နောက်ခံလူ လုခ်ရှောက လာမယ့်အပတ်ထဲမှာ ဒဏ်ရာကနေ ပြန်ကောင်းလာတော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ နေရာကို လုခ်ရှောနဲ့ အစားထိုးလို့ ရတော့မှာပဲ ဖြစ်ပါတယ်။