ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ဆောင်းဈေးကွက် ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် စကော့တလန် ဒုတိယတန်းကလပ် ကွင်းပါ့ခ်ရဲ့ လူငယ်ဂိုးသမား ကယ်လန် မက်ကန်နာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ဂိုးသမား ကယ်လန် မက်ကန်နာက ကွင်းပါ့ခ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ဂိုးသမား ဖြစ်ပြီး သူက အသက် ၁၇နှစ် အရွယ်သာ ရှိသေးပေမယ့် စကော့တလန် ယူ-၁၉မှာ ပါဝင် ကစားခွင့် ရနေပါတယ်။

Photo Credit: Mirror

ကယ်လန် မက်ကန်နာက ယခုနှစ် ဘောလုံးရာသီမှာလည်း ကွင်းပါ့ခ်အတွက် ပွဲထွက် ကစားခွင့် ရနေပြီး သူက ကွင်းပါ့ခ်အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုးမရှိတဲ့ပွဲ ၂ပွဲ ရထားကာ ပေးဂိုးက ၁၇ဂိုး ရှိခဲ့ပါတယ်။

ကယ်လန် မက်ကန်နာက အနာဂတ်မှာ ထိပ်တန်းဂိုးသမား ဖြစ်လာနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် အင်္ဂလန်ရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ မက်ကန်နာကို ခေါ်ယူဖို့ ခပ်မြန်မြန် လှုပ်ရှားနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirrorရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မက်ကန်နာကို ခေါ်ယူဖို့ ကွင်းပါ့ခ်နဲ့ရော ၊ ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်ပြေ အောင်မြင်ခဲ့တာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မက်ကန်နာကို ခေါ်ယူနိုင်ဖွယ် ရှိနေပြီး ယူနိုက်တက်ဟာ မက်ကန်နာအတွက် ကွင်းပါ့ခ်ထံ ပြောင်းရွှေ့ကြေး ပေါင်သန်းဂဏန်း ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။

မက်ကန်နာက စက်တင်ဘာလမှာ ဒဏ်ရာပြဿနာ တခု ရခဲ့ပေမယ့် လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးရင် အသင်းနဲ့ တခါထဲ ပူးပေါင်းနိုင်ဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို အသင်းကြီးဆီ တခါထဲ ခေါ်ယူဖွယ် ရှိကြောင်း နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။