မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဘိုလော့ဂ်နာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ဇီကို ခေါ်ယူသွားနိုင်ဖို့အတွက် ပိုမို အရှိန်မြင့် ကြိုးပမ်းလာခဲ့ပြီး ဘိုလော့ဂ်နာနဲ့ ဇက်ဇီတို့ကြားမှာ ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၃၄)သန်းနဲ့လည်း ပေးချေသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် တိုက်စစ်ကစားသမား များစွာကို ပစ်မှတ်ထားလို့နေပြီး လက်ရှိမှာလည်း ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ ဇက်ဇီကို အရ ခေါ်ယူနိုင်ဖို့အတွက် အသေအချာ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက် (၂၃)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဇက်ဇီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုလော့ဂ်နာအသင်းကို စီးရီးအေမှာ အဆင့်(၅)နေရာ ရောက်ရှိအောင်ရော အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူဖြစ်ပြီး အသင်းအတွက်လည်း စီးရီးအေသွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဇက်ဇီကို သူ့အသင်းဟောင်း ဘိုင်ယန် အပါအဝင် အေစီမီလန် အာဆင်နယ်တို့နဲ့ ယူနိုက်တက်ပါ စိတ်ဝင်စားလာခဲ့ပြီး မီလန်ကလည်း ဇက်ဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပါသေးတယ်။ ဒါပေမယ့် မီလန်က ဇက်ဇီကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီ မရနိုင်သေးပဲ အေးဂျင့် ကော်မရှင်ခနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အဆင်မပြေပဲ ဖြစ်နေပါတယ်။

Photo Credit : Football Transfer

ဒီအခြေအနေမှာ ယူနိုက်တက်ဘက်က ဇက်ဇီကို အရ ခေါ်ယူနိုင်ဖို့အတွက် ကစားသမား အေးဂျင့်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းတွေမှာလည်း ဇက်ဇီ အေးဂျင့်က သူရဲ့ကော်မရှင်ခကိုပါ ပေါင် (၁၂.၅)သန်းကနေ ပေါင် (၈)သန်းသာ တောင်းဆိုထားတယ်လို့ပါ သိရှိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ဇက်ဇီနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့မယ်ဆိုရင် ကစားသမားအတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၃၄)သန်းနဲ့ပါ တစ်ခါတည်း ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဇက်ဇီကို ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။