ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အားကစားဒါရိုက်တာရာထူး အတွက် ဆောက်သမ်တန်ရဲ့ အားကစားဒါရိုက်တာ ဝီလ်ကော့ရှ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၅၂နှစ် အရွယ် အင်္ဂလိပ်လူမျိုး ဂျေဆန် ဝီလ်ကော့ရှ်က ကစားသမား ဘဝမှာ ဘလက်ဘန်း ၊ လက်စတာ ၊ ဘလက်ပူးလ် စတဲ့ အင်္ဂလန် ဒေသတွင်းကလပ်တွေမှာ ကစားခဲ့သူ ဖြစ်ပြီး သူက ၂၀၁၃ခုနှစ် ကနေ ၂၀၁၆ခုနှစ် အထိ မန်ချက်စတာ စီးတီးရဲ့ ယူ-၁၈နည်းပြ အဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၆ခုနှစ်မှာတော့ မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီနည်းပြ အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ပါတယ်။

Photo Credit: Euro Sports

ဝီလ်ကော့ရှ်က မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီနည်းပြ အဖြစ် တာဝန်ထမ်းဆောင်ရင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၁၇ခုနှစ်မှာ မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီဥက္ကဌ အဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရပြီး ဝီလ်ကော့ရှ်ရဲ့ ကောင်းမွန်တဲ့ အစီအမံတွေကြောင့် မန်ချက်စတာ စီးတီးဟာ ဖိုဒန် ၊ လီဝစ် ၊ ပါလ်မာ စတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

၂၀၂၃ခုနှစ် ၊ ဇူလိုင်လမှာတော့ ဝီလ်ကော့ရှ်က မန်ချက်စတာ စီးတီးကို စွန့်ခွာကာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်ဆီ အားကစားဒါရိုက်တာရာထူးနဲ့ ပြောင်းရွှေ့ခဲ့ပြီး သူက လာဗီယာ ၊ လီဗာမိုတို ၊ ဝက်စ်ပရော့ဒ် ၊ တယ်လာ ၊ ဆာလီဆူ စတဲ့ ကစားသမားတွေကို စုစုပေါင်း ပြောင်းရွှေ့ကြေး ၁၇၂သန်းကျော်နဲ့ ရောင်းထုတ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အားကစားဒါရိုက်တာ မရှိတဲ့ မန်ချက်စတာ ယူနိုက်တက်က ဝီလ်ကော့ရှ်ကို အားကစားဒါရိုက်တာသစ် အဖြစ် ခန့်အပ်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာပဲ ဝီလ်ကော့ရှ်ဟာ ဆောက်သမ်တန်ရဲ့ အားကစားဒါရိုက်တာရာထူး ကနေ နုတ်ထွက်ကာ မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် စာချုပ် ချုပ်ဆိုတော့မယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဝီလ်ကော့ရှ်ကို ၁နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဝီလ်ကော့ရှ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အိုမာ ဘာရာဒါနဲ့ အတူတူ ပြန်လည် လုပ်ကိုင်ခွင့် ရမှာ ဖြစ်ကာ ဝီလ်ကော့ရှ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ အပြောင်းအရွှေ့ဆိုင်ရာ ညှိနှိုင်းမှုတွေကို အဓိက လုပ်ဆောင်ရမယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။