မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ္ဘာကျော်ပရိသတ်တစ်ဦးဖြစ်တဲ့ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့က မနေ့က စနေနေ့မှာ ဘရန့်ဖို့ဒ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းကို “ဟာသတစ်ခု” အဖြစ် သုံးနှုန်းပြီး ဒေါသတကြီး ဝေဖန်လိုက်ပါတယ်။
နည်းပြ ရူဘင် အာမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီရဲ့ တတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကို ဘရန့်ဖို့ဒ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲစပြီး (၉)မိနစ်မှာပဲ ဟယ်ရီ မက်ဂွိုင်းယားရဲ့ လူကျွံဘောထောင်ချောက်လွဲချော်မှုကနေတစ်ဆင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဂေါ တီယာဂိုက အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် (၁၀)မိနစ်အကြာမှာတော့ ယူနိုက်တက်ဂိုးသမား ဘာယင်ဒီယာရဲ့ ပုတ်ထုတ်မှုကနေ တီယာဂိုကပဲ ဒုတိယဂိုးကို ထပ်မံသွင်းယူသွားခဲ့ပါတယ်။
Photo Credit : The Sun
ပွဲအစ မိနစ် (၂၀)အတွင်းက ဒီလို ဘေးဥပဒ်ဆိုးတစ်ခုလို ခြေစွမ်းကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး အူစိန်ဘော့ ကိုယ်တိုင်တောင် သူ့ရဲ့စိတ်ပျက်မှုကို ထိန်းမထားနိုင်ခဲ့ပါဘူး။ သူက သူ့ရဲ့ X (တွစ်တာ) လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ဒါက ဟာသတစ်ခုပဲဖြစ်ရမယ်” လို့ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အလားတူ စိတ်ပျက်မှုတွေကို Comments တွေ ရေးသားခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ယူနိုက်တက်က ဟာသတစ်ခုပဲ။ ဆယ်စုနှစ်တစ်ခုလုံး ဒီအတိုင်းပဲ” လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးကတော့ “အူစိန်ဘော့တောင် ဒီကလပ် ဘယ်လောက် အသုံးမကျလဲဆိုတာကို မယုံနိုင်ဖြစ်နေပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Photo Credit : Goal
ဒုတိယပိုင်းမှာ တိုက်စစ်မှူးသစ် ဘင်ဂျမင် ဆက်ရှ်ကိုက အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် (၇၆)မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ဘရူနို ဖာနန်ဒက်စ်က လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်တို့ မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်ကတော့ နာကျင်အချိန်ပိုမှာ တတိယဂိုးကို သွင်းယူပြီး ယူနိုက်တက်ရဲ့ ကျဆုံးမှုကို အတည်ပြုပေးခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် နည်းပြ အာမိုရင်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရအောင် တစ်ခါမှ မစွမ်းဆောင်နိုင်သေးတဲ့ မကောင်းတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။