မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကော်နာ ဂယ်လာဂါကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
နာမည်ကျော် အားကစားသတင်းထောက် ဘန် ဂျေကော့ဘ်စ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ တနင်္လာနေ့က ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နာရီပိုင်းအလိုမှာ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူ ဂယ်လာဂါရဲ့ အခြေအနေကို နောက်ဆုံးအခွင့်အရေးအဖြစ် ဝင်ရောက်စုံစမ်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Photo Credit : talkSPORT
ဒါပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်အသင်းကတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်ခဲ့ပြီး ကစားသမားအများအပြားနဲ့ သတင်းထွက်ခဲ့ပါတယ်။ နည်းပြ ရူဘင် အမိုရင်ရဲ့ အဓိကဦးစားပေးပစ်မှတ်က ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ် ဘာလီဘာ ဖြစ်တယ်လို့ ယုံကြည်ရပေမယ့် ကလပ်နှစ်သင်းကြား သဘောတူညီမှုမရရှိခဲ့တာကြောင့် နောက်ဆုံးမှာ ဂယ်လာဂါကို ပစ်မှတ်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
ဂယ်လာဂါဟာ ၂၀၂၄ ခုနှစ် နွေရာသီက ချယ်လ်ဆီးအသင်းကနေ ပေါင် (၃၄)သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒီယေဂို ဆီမြွန်နီရဲ့အသင်းအတွက် (၅၃)ပွဲအထိ ပါဝင်ကစားကာ (၂)ဂိုး သွင်းယူပေးထားပါတယ်။ သူဟာ ဒီရာသီ လာလီဂါအဖွင့်ပွဲစဉ်သုံးပွဲလုံးမှာလည်း ပါဝင်ကစားခဲ့တာကြောင့် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ကွင်းလယ်လူသစ်ခေါ်ယူမှု မအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်များကာလ ပြီးဆုံးသွားပြီးနောက် စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်ကြီးကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။