မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ သဘောတူညီချက် ထွက်ပေါ်လာဖွယ်ရှိတယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလိုက်ပါတယ်။

ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာဟာ ယူနိုက်တက်ရဲ့ စီမံကိန်းကို လက်ခံလိုက်ပြီဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုကလည်း ရရှိနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နှစ်ဖက်ကြားမှာ နောက်ဆုံးအသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ပဲ ကျန်တော့တယ်လို့ သိရပြီး အဲဒါတွေ ပြီးတာနဲ့ အပြောင်းအရွှေ့ကိစ္စကို အတည်ပြုကြောင်း ကြေညာတော့မှာ ဖြစ်တယ်လို့ ရိုမာနိုက ဖော်ပြထားပါတယ်။

Photo Credit : Transfermarket

ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က အသင်းတိုက်စစ်ပိုင်းအတွက် narrow no(10) ကစားသမားနေရာမှာ ကူညာကို ဦးစားပေး ပစ်မှတ်အဖြစ် အလိုရှိနေပြီး ကူညာကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

အသက်(၂၅)နှစ်အရွယ် ကစားသမားဟာ ဒီနှစ်ဘောလုံးရာသီမှာ ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၇)ဂိုးအထိ သွင်းယူထားနိုင်သလို (၆)ကြိမ် ဂိုးဖန်တီးထားနိုင်ခဲ့ပါသေးတယ်။ ကစားသမားဘဝအတွင်း အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ကူညာဟာ ဒီနွေမှာတော့ ဝုလ်ဗ်ကို စွန့်ခွာဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ကူညာကို ယူနိုက်တက်အပြင် အာဆင်နယ် စပါး နော်တင်ဟမ်တို့ကလည်း စိတ်ဝင်စားနေကြပေမယ့် လက်ရှိမှာတော့ ယူနိုက်တက် တစ်သင်းတည်းကသာ ကူညာကို ခေါ်ယူနိုင်ဖို့အတွက် အမှန်အကန် ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့မယ်ဆိုရင် ဝုလ်ဗ်အသင်းနဲ့ပါ သဘောတူညီမှုရအောင် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ဝုလ်ဗ်အသင်းနဲ့ ကူညာတို့ကြားမှာ ပေါင်(၆၂.၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေပြီး ယူနိုက်တက်အနေနဲ့ ကူညာကို ခေါ်ယူချင်တယ်ဆိုရင် အဲ့ဒီတန်ကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ကူညာအပြင် နောက်ထပ် ထိပ်တန်း ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့လည်း လိုအပ်နေပါတယ်။