မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ INEOS လက်ထက်မှာ အပြောင်းအရွှေ့ကိစ္စရပ် အတော်လေးကို ခြေလှမ်းသွက်လို့နေပြီး ဇူလိုင်လအတွင်းမှာပဲ အသင်းအတွက် အားရစရာကောင်းတဲ့ ကစားသမားသစ် ခေါ်ယူမှု (၂)ခုကို လုပ်ဆောင်နိုင်ခဲသလို အခုလည်း နောက်ထပ် ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘိုလော့ဂ်နာက နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီကို ခေါ်ယူခဲ့သလို ခံစစ်ပိုင်းအတွက်ကိုလည်း လိုင်လီရဲ့ ပြင်သစ် ဆယ်ကျော်သက် နောက်ခံကစားသမားလေး လယ်နီ ယိုရိုကိုပါ ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ ကွင်းလယ်နေရာအတွက် ပီအက်ဂျီရဲ့ ဥရုဂွေး ကွင်းလယ်လူ မာနူရယ် အူဂါတီကို ခေါ်ယူဖြည့်တင်းဖို့ သဘောတူညီမှု ရရှိခဲ့ပြန်ပါပြီ။

Photo Credit : Paris Saint Germain

အသက် (၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး လက်ရွေးစင် စပို့တင်း လစ္စဘွန်း ကစားသမားဟောင်း အူဂါတီဟာ စပို့တင်းကနေ ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ ပီအက်စ်ဂျီက သူ့ကို စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးအတိုင်း ယူရို သန်း(၆၀)နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အူဂါတီဟာ သူရဲ့ ကလပ်အသင်းသစ် ပီအက်စ်ဂျီမှာ ပွဲထွက်ကစားခွင့်တွေ သိပ်များများစားစား မရရှိခဲ့သလို လက်ရှိမှာလည်း ပီအက်စ်ဂျီက ဘင်ဖီကာရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကိုပါ အရ ခေါ်ယူသွားဖို့ လုပ်ဆောင်နေတာကြောင့် ဒီအခြေအနေကို အူဂါတီဘက်က စိတ်ပျက်လက်ပျက် ဖြစ်လာနိုင်ပြီး အသင်းကနေပါ ထွက်ခွာဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အူဂါတီကို ယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ပြီး ယိုရိုကို ခေါ်ယူလို့အပြီးမှာပဲ ယူနိုက်တက်က အူဂါတီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိသွားခဲ့ရပါတယ်။ ဒီစျေးကွက်ထဲမှာ အရမ်းလက်သွက်နေတဲ့ ယူနိုက်တက်ဟာ အူဂါတီကိုလည်း အသင်းဆီ ထပ်မံ ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီနဲ့ သဘောတူညီမှု ရရှိဖို့ကို ဆွေးနွေးမှု​တွေ အသေအချာ လုပ်ဆောင်လို့နေပြီး တစ်ဖက်မှာလည်း ကစားသမားတွေ ပြန်လည် ရောင်းချဖို့ကိုပါ စီစဥ်နေပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ အသင်း ကွင်းလယ်ပိုင်းက ဒွန်နီ ဗန်ဒီဘိခ်ကို ဂျီရိုနာအသင်းဆီ ရောင်းချခဲ့သလို ကက်စီမဲရိုး တွမ်မီနေးနဲ့ အဲရစ်ဆင်တို့ကိုလည်း ထပ်မံ ရောင်းချသွားဖို့လည်း ရှိနေတာကြောင့် အူဂါတီကို ခေါ်ယူ ဖြည့်တင်းသွားဖို့ စီစဥ်လာခဲ့တာပဲ ​ဖြစ်ပါတယ်။ တကယ်လို့ အူဂါတီသာ အသင်းဆီ ရောက်လာခဲ့မယ်ဆိုရင်တော့ ကက်စီမဲရိုး ဒါမှမဟုတ် တွမ်မီနေး တစ်ဦးဦးကို အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနိုင်ပြီး ကက်စီမဲရိုးကိုတော့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေသလို တွမ်မီနေးကိုလည်း ဖူလ်ဟမ်နဲ့ ဂါလာတာစာရေးတို့က ခေါ်ယူချင်နေပါတယ်။