မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် ကစားသမားလေး ကိုဘီ မိန်းနူးကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာပဲ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားဖို့ ပြင်ဆင်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး မိန်းနူးဟာ အသက် (၉)နှစ်အရွယ်မှာပဲ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီဆီကို ရောက်ရှိလာခဲ့ရင်း သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း တစ်နှစ်တာရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက် စီနီယာအသင်းကြီးအတွက် မိနစ်အနည်းငယ်လေးတွေ ပါဝင်လာခဲ့ရတဲ့ မိန်းနူးဟာ ဒီရာသီမှာတော့ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးလို့ပါ ဖြစ်လာခဲ့ရပြီး ပြိုင်ပွဲစုံ (၁၃)ပွဲကစားထားရင်း သွင်းဂိုး (၂)ဂိုးပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းပြနေတဲ့ အင်္ဂလန် ယူ-၁၉ ကစားသမားလေးက ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ခုနှစ် ဇွန်လ + တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် စာချုပ်သက်တမ်း ရှိနေသေးပေမယ့်လည်း နောက်ထပ် စာချုပ်သစ်တစ်ရပ် ထပ်မံ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : The US Sun

မိန်းနူးဟာ ယူနိုက်တက်နဲ့ ၂၀၂၃ခုနှစ်စပိုင်းကတည်းက သက်တမ်းတိုးထားခဲ့ပေမယ့် သူရဲ့ တစ်ပတ်လုပ်ခက ပေါင် (၁၀၀၀၀)သာ ရရှိလို့နေပြီး အခုက မိန်းနူးကို အသင်းရဲ့ ပရောဂျက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလို့ သတ်မှတ်ထားတာဖြစ်လို့ လစာပါ ထပ်မံ တိုးမြှင့်ပေးသွားဖို့လည်း ရှိနေပါတယ်။

လတ်တလောမှာတော့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး မိန်းနူးကလည်း မန်ယူနိုက်တက်မှာ အလွန် ပျော်ရွှင်လျက် ရှိနေတာကြောင့် သိပ်မကြာခင်မှာပဲ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ဖွယ်လည်း ရှိနေပါတယ်။