မန်ချက်စတာ ယူနိုက်တက်အသင်းက လာမယ့်နွေမှာ ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးကို ရောင်းချပြီး သူ့နေရာအတွက် ဘင်ဖီကာ ကွင်းလယ်လူ ဂျာအို နေးဗက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)လောက်အထိပေးကာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက ဒီရာသီအကုန်မှာ အသင်းကို အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေပြီး အသင်းအတွက် ခြေစွမ်းမပြနိုင်တော့တဲ့ ကစားသမားတွေကိုလည်း ရှင်းထုတ်သွားဖို့ပါ ရှိနေပါတယ်။ အဲ့ဒီထဲမှာ ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Sporting News

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကက်စီမဲရိုးဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက တကယ့်ကို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ ဖြစ်ခဲ့ရပြီး ရီးယဲလ်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့စဉ်ကလည်း ပထမရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ကက်စီမဲရိုးက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး ဒဏ်ရာပြသာနာတွေနဲ့ပါ လုံးပန်းနေရတာကြောင့် အသင်းဘက်က သူ့ကို လာမယ့်နွေမှာပဲ ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀) နဲ့ (၄၅)သန်းကြားလောက်နဲ့ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Goal

ကက်စီမဲရိုးကိုလည်း အယ်လ်နာဆာ အပါအဝင် ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေရာ ကက်စီမဲရိုးကိုသာ ရောင်းချဖြစ်နိုင်မယ်ဆိုရင်တော့ သူ့နေရာအတွက် ဘင်ဖီကာအသင်းက ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို ဦးစားပေး ပစ်မှတ်ထားနေပါတယ်။

အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ အင်နီယေစတာလက်သစ်လို့ တင်စားခေါ်ဆိုခံနေရတဲ့ ကစားသမားလေး ဂျာအို နေးဗက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘင်ဖီကာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိရင်း အခုဆို ဘင်ဖီကာရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရင်း ယူနိုက်တက်အတွက် ကလပ်အသင်းတိုင်း အလိုရှိတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။ ဘင်ဖီကာကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ပေါင်သန်း(၁၀၀)လောက်အထိ အလိုရှိနေပါတယ်။