မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်သွားဖြစ်မယ်ဆိုရင် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂရေဟမ် ပေါ်တာကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်းတွေ တည်ငြိမ်မှု ကင်းမဲ့နေသလို အသင်းရဲ့ ခြေစွမ်းပိုင်းတွေကလည်း လုံးဝ အားရစရာ အနေအထားမှာ ရှိမနေတာကြောင့် နည်းပြ တန်ဟက်ဂ်နေရာ အပြောင်းအလဲ လုပ်ဆောင်ဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Chelsea Football Club

ဒီအခြေအနေမှာ ဗြိတိန်ရဲ့ ဘီလျံနာ သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ (၂၅)%ကို ဝယ်ယူထားပြီးချိန် ဖြစ်နေသလို ဆာဂျင်ရဲ့ INEOS ကုမ္မဏီဘက်ကလည်း အင်္ဂလိပ်လူမျိုး ဘောလုံးနည်းပြ ဂရေဟမ် ပေါ်တာကို မျက်စိကျလို့နေပါတယ်။

ဂရေဟမ် ပေါ်တာဟာ ဆွီဒင်ကလပ် Östersunds FK နဲ့ ဆွမ်ဆီအသင်းတို့မှာ သိပ်မထင်မရှား နည်းပြအဖြစ် ဖြတ်သန်းခဲ့ရင်း အဲ့ဒီကနေ ဘရိုက်တန် နဲ့ ချယ်လ်ဆီးတို့ဆီ ရောက်ရှိခဲ့ပါတယ်။ ဘရိုက်တန်မှာတော့ ပေါ်တာဟာ အသင်းကို အကောင်းဆုံးပုံစံ ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းဆီ ရောက်ရှိသွားချိန်မှာတော့ ပေါ်တာရဲ့ အခြေအနေတွေက အတော်လေး ဆိုးရွှားခဲ့ပါတယ်။

Photo Credit : TEAMtalk

ပေါ်တာက ချယ်လ်ဆီးလို ပုံရိပ်ကြီးမားပြီး ထိပ်တန်း ကစားသမားကောင်းတွေ အမြောက်အများ ရှိနေတဲ့ အသင်းတစ်သင်းကို သေချာ ကိုင်တွယ်နိုင်ခြင်း မရှိတာကြောင့် အသင်းက ရလဒ်တွေ ဆိုးရွှားခဲ့ရာကနေ (၇)လအကြာမှာပဲ ထုတ်ပြန်ခံခဲ့ရပါတယ်။

၂၀၂၃ ဧပြီကနေ အခုအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တာကို ဆာဂျင်တို့က တန်ဟက်ဂ်နေရာအတွက် ဦးစားပေး အစားထိုးသွားမယ့် နည်းပြအဖြစ် သတ်မှတ်ထားလို့ ထားနေပေမယ့်လည်း ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ ပေါ်တာထက် တခြား ထိပ်တန်း နည်းပြတစ်ဦးဦးကိုသာ အလိုရှိနေကြပါတယ်။