မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဘင်ဖီကာ လူငယ် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို အရ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပြီး ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုးနဲ့ အမ်မရာဘတ်တို့ကို အသင်းမှာ ဆက်ထိန်းထားဖို့ အခြေအနေ မရှိတော့ပဲ ကက်စီမဲရိုးကို ရောင်းချပြီး အမ်မရာဘတ်ကိုတော့ အပြီးသတ်နဲ့ မခေါ်ယူပဲ ဖီအိုရင်တီးနားအသင်းဆီ ပြန်လည် ပို့ဆောင်ဖွယ်သာ ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့် ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘင်ဖီကာအသင်းရဲ့ အသက် (၁၉)နှစ်အရွယ် ဆယ်ကျော်သက် ပေါ်တူဂီ လူငယ် ကွင်းလယ်ခံစစ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလာခဲ့ပြီး မကြာသေးခင်ကလည်း ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားသေးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဘောလုံးသမားတွေကို အစဉ်တစိုက် မွေးထုတ်ပေးခဲ့တဲ့ ဘင်ဖီကာအသင်းကနေ ထပ်မံ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်ကစားသမားလေး နေးဗက်စ်ဟာ လက်ရှိမှာ ဥရောပ ထိပ်သီးကလပ်အသင်း များစွာရဲ့ အာရုံစိုက်မှု စိတ်ဝင်စားမှုတွေကို ရရှိလို့နေပြီး လတ်တလောမှာတော့ ယူနိုက်တက် ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့က နေးဗက်စ်ကို စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : The Sun

ဒီလိုအချိန်မှာ ယူနိုက်တက်ဘက်က နေးဗက်စ်ကို အခြားအသင်းတွေထက် လက်ဦးမှု ရရှိဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းသွားဖို့ ရှိနေပြီး ကနဦး အငြင်းခံခဲ့ရတဲ့ ယူရို သန်း(၆၀)အစား ယူရို (၇၅)သန်းအထိ တိုးမြှင့် ကမ်းလှမ်းသွားမယ့် အစီအစဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။

ဘင်ဖီကာအသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး နေးဗက်စ်အတွက် စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း(၁၂၀)အထိသာ အလိုရှိနေပြီး တကယ်လို့ အဲ့ဒီတန်ကြေးအတိုင်း မဟုတ်ရင်တောင်မှ ယူရို သန်း(၁၀၀)နီးပါးလောက်အထိ လိုချင်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ နေးဗက်စ်အတွက် ပြောင်းရွှေ့ကြေး + အပိုဆုကြေး ယူရို (၈၅)သန်းခန့်လောက်နဲ့သာ ကမ်းလှမ်းသွားဖို့ပဲ ရှိနေပြီး ဒီကမ်းလှမ်းမှုကို ပယ်ချခံရမယ်ဆိုရင်တော့ တခြားပစ်မှတ်တွေကိုပဲ ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။