မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အိမ်ရှင် ချယ်လ်ဆီးအသင်းကို နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ၁၉၈၉-၁၉၉၀ ဘောလုံးရာသီရဲ့ ရှုံးပွဲအရေအတွက်ကိုပါ ပြန်လိုက်မိသွားခဲ့ရပါတယ်။

ယူနိုက်တက်က ဒီပွဲမှာ ပွဲပြီးခါနီးထိ (2-3)နဲ့ ဦးဆောင်ထားခဲ့ပေမယ့်လည်း နာကျင်အချိန်ပို အတွင်းမှာပဲ ကိုး ပါလ်မာရဲ့ သွင်းဂိုးတွေကို ဆက်တိုက် ခွင့်ပြုခဲ့ရင်းနဲ့ (4-3)ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံ (၁၇)ပွဲမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : centredevils

ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ချန်ပီယံ ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်(၃)နေရာထိ ပိုင်ဆိုင်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိခဲ့ရတဲ့ ယူနိုက်တက်က အခုရာသီမှာတော့ ရှုံးပွဲအရေအတွက်တွေ အရမ်းများပြားခဲ့ရပြီး ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားတို့မှာလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၁)အပြီးမှာလည်း ရှုံးပွဲက (၁၂)ပွဲအထိတောင် ရှိထားခဲ့ရပြီး ဒါဟာ လက်ရှိ ပရီးမီးယားလိဂ် Top 10 အသင်းတွေထဲ နယူးကာဆယ်အသင်းနဲ့အတူ ရှုံးပွဲအများဆုံးအသင်းအဖြစ်နဲ့တောင် ရပ်တည်နေရပါတယ်။

Photo Credit : Goal

ယူနိုက်တက်အနေနဲ့ လွန်ခဲ့တဲ့ (၃၄)နှစ်တုန်းက အခုလို တစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ရှုံးနိမ့်ခဲ့ရသလို လက်ရှိမှာလည်း ယူနိုက်တက်က ဒီရာသီမကုန်ခင်မှာပဲ (၁၇)ပွဲတောင် ရှုံးနိမ့်ခဲ့ရပြီဖြစ်လို့ နှစ်ပေါင်း (၃၄)တုန်းက ရှုံးပွဲထက်ပါ အရေအတွက် ပိုများလာဖွယ်တောင် ရှိနေရပါတယ်။

အခုလို ချယ်လ်ဆီးကို အရှုံးပေးခဲ့ရတဲ့ ယူနိုက်တက်ဟာ ဒီရာသီထဲမှာလည်း ဂိုးကန်သွင်းခွင့်တွေ အကြိမ်ပေါင်းမနည်း ခွင့်ပြုထားခဲ့ရပြီး အခု ၂၀၂၄ခုနှစ်အတွင်းမှာပဲ ဂိုးကန်ချက်ပေါင်း (၂၀၀)အထိတောင် ခွင့်ပြုပေးထားခဲ့ရပါတယ်။