မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတဲ့ ကွင်းလယ်ကစားသမား ကက်စီမဲရိုးနေရာမှာ ကစားသမားသစ် အစားထိုးဖို့အတွက် လက်ရှိမှာတော့ ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်လူ ဂျာအို ဂိုးမက်စ်ကို ခေါ်ယူသွားချင်နေပါတယ်။

ကက်စီမဲရိုးဟာ ရီးယဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာကတည်းက အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားခေါ်ယူမှုတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့ လုံးပန်းနေရသလို ခြေစွမ်းပိုင်းတွေဟာလည်း ကျဆင်းလာခဲ့ပါတယ်။

Photo Credit : Football Transfer

ဒါကြောင့် ယူနိုက်တက်ဘက်က ကက်စီမဲရိုးကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ လက်လွတ်သွားဖို့ ရှိနေသလို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာကလည်း ကက်စီမဲရိုးလို ဝါရင့် ကစားသမားမျိုးကို ခေါ်ယူသွားချင်နေပါတယ်။ ဒီအပြောင်းအရွှေ့သာ ဖြစ်လာမယ်ဆိုရင်တော့ ယူနိုက်တက်က ကက်စီမဲရိုး နေရာအတွက် သေချာပေါက် ကစားသမား အစားထိုးမှုကို လုပ်ဆောင်လာနိုင်ပါတယ်။

ကနဦးပိုင်းကတော့ ယူနိုက်တက်က ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့် ဒီကစားသမားရဲ့ တန်ကြေးက အလွန်မြင့်မားလွန်းနေတာကြောင့် နောက်ထပ် options တွေကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

Photo Credit : mufcMPB

ယူနိုက်တက်က အသင်းကွင်းလယ်ပိုင်းအတွက် နေးဗက်စ်အပြင် ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဂျာအို နေးဗက်စ်ကိုပါ စိတ်ဝင်စားလျက် ရှိနေပြီး ဒီကစားသမားကိုလည်း ကင်းထောက်တွေ စေလွှတ်ပြီး အကြိမ်ပေါင်းမနည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကမှ ဖလာမင်ဂိုကနေ ဝုလ်ဗ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဂိုးမက်စ်ဟာ ကွင်းလယ်မှာ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ် နေရာ(၂)မျိုးထိ ကစားနိုင်သူဖြစ်ပြီး ဝုလ်ဗ်အတွက်လည်း ပွဲအများစု ပါဝင်နေရသူလည်း ဖြစ်ပါတယ်။ ဝုလ်ဗ်ကတော့ သူတို့အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဂိုးမက်စ်အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင် သန်း(၄၀)အထိ အလိုရှိနေပါတယ်။