၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဒီနှစ်ဘောလုံးရာသီထဲ ပရီးမီးယားလိဂ် ယူ-၁၈ အမှတ်ပေးပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈အသင်းက (၁၅)ပွဲ ကစားထားပြီးချိန် လုံးဝ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်ကနေ ဆက်လက် ဦးဆောင်နေပါတယ်။

ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲက မြောက်ပိုင်း နဲ့ တောင်ပိုင်းကို အုပ်စုနှစ်စုခွဲပြီး ကျင်းပတာဖြစ်ပြီး မြောက်ပိုင်းရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကအသင်းနဲ့ တောင်ပိုင်းရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကအသင်းတို့ကို ဖိုင်နယ်မှာ တွေ့ဆုံစေပြီး ချန်ပီယံအသင်းအတွက် အဖြေရှာကြတာလည်း ဖြစ်ပါတယ်။

Photo Credit : United in Focus

ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲကို ၂၀၁၂-၂၀၁၃ ဘောလုံးရာသီကနေ စတင် ကျင်းပခဲ့တာဖြစ်ပြီး မန်စီးတီး ယူ-၁၈အသင်းက ချန်ပီယံ (၄)ကြိမ်အထိ ရရှိထားကာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

ဒါပေမယ့် ပရီးမီးယား ယူ-၁၈ ချန်ပီယံဆုကို တစ်ကြိမ်တစ်ခါမှ မဆွတ်ခူးဖူးသေးတဲ့ မန်ယူနိုက်တက်က ဒီရာသီမှာ အမှတ်ပေးပွဲ (၁၅)ပွဲ ကစားထားပြီးချိန် နိုင်ပွဲ (၁၄)ပွဲအထိ ရရှိထားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဒါဘီကောင်တီနဲ့ ပွဲစဉ်မှသာ သရေကျသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဒါဘီ ယူ-၁၈အသင်းက ယူနိုက်တက် ယူ-၁၈အသင်းကို အတော်လေး ဒုက္ခပေးသွားနိုင်ခဲ့ပြီး (၂)ကြိမ်တိုင်တိုင် ဦးဆောင်ခံထားရပြီးမှ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်သလို နာကျင်အချိန်ပို ချေပဂိုးကြောင့်လည်း ယူနိုက်တက်တို့ ရှုံးပွဲမတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက် ယူ-၁၈အသင်းက အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ လက်ရှိချန်ပီယံ မြို့ခံပြိုင်ဘက် မန်စီးတီး ယူ-၁၈အသင်းထက် (၂)ပွဲပို ကစားထားပြီး (၁၅)မှတ်အထိတောင် အမှတ်ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။