မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်နဲ့ အက်စတွန် ဗီလာတိုက်စစ်မှူး အိုလီ ဝက်ကင်စ်တို့ကို ခေါ်ယူဖို့အတွက် အလက်ဟန်ဒရို ဂါနာချိုကို အလဲအထပ်အနေနဲ့ အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။ ဂါနာချိုဟာ ဂျေဒန် ဆန်ချို၊ အန်တိုနီ၊ တိုင်ရဲ မာလာစီယာတို့နဲ့အတူ နည်းပြရူဘန် အာမိုရင်ရဲ့ “အသင်းက ထွက်ခွာခိုင်းထားတဲ့ ကစားသမားစာရင်း” မှာ ပါဝင်နေပြီး အာဂျင်တီးနားတောင်ပံကစားသမားကို အသင်းသစ်ရှာဖို့ ပြောထားခဲ့ပြီးသား ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် ချယ်လ်ဆီးက နီကိုလပ်စ် ဂျက်ဆင်နဲ့ ဗီလာက ဝက်ကင်စ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ဒီအပြောင်းအရွှေ့မှာ ငွေကြေးသီးသန့် အသုံးပြုသွားဖို့ထက် အသင်းက တောင်ပံကစားသမား ဂါနာချိုကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ အလဲအထပ် အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။
Photo Credit : Jawa Pos
The Independent ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဝက်ကင်စ်နဲ့ ဂျက်ဆင်တို့ကို ခေါ်ယူဖို့အတွက် ဂါနာချိုကို အလဲအထပ်လုပ်ဖို့အတွက် ဗီလာနဲ့ ချယ်လ်ဆီး နှစ်သင်းစလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ မာသီးယပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူပြီးနောက် နည်းပြရူဘန် အာမိုရင်ရဲ့ တိုက်စစ်ပိုင်းကို ပြည့်စုံစေဖို့ အရည်အချင်းပြည့်မီတဲ့ နံပါတ် ၉ အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ သတင်းမှာ ချယ်လ်ဆီးအသင်းက ဂျက်ဆင်ကို ပေါင်သန်း(၈၀)အထိ တန်ကြေးဖြတ်ထားပြီး ဂါနာချိုကို စိတ်ဝင်စားပေမယ့် ချယ်လ်ဆီးဟာ အာဂျင်တီးနားလက်ရွေးစင်အတွက် ပေါင်သန်း(၃၀)ထက် ပိုပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ မျှတမှုနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းတွေရဲ့ ဖိအားတွေကြောင့် ဂါနာချိုကို ရောင်းချဖို့က ယူနိုက်တက်အတွက် အရေးကြီးဆုံး ကိစ္စရပ်အဖြစ် ရှိနေပါတယ်။
Photo Credit : Sky Sports
ဝက်ကင်စ်ကလည်း ယူနိုက်တက်ရဲ့ တိုက်စစ်မှူးစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဗီလာကတော့ ကနဦးဆွေးနွေးမှုတွေတစ်လျှောက် ဒီနွေရာသီမှာ ရောင်းချဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ လိုက်ပ်ဇစ်က ဘင်ဂျမင် ဆက်စ်ကိုကလည်း ယူနိုက်တက်အသင်း စဉ်းစားနေတဲ့ နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ရာသီကြိုပြင်ဆင်မှုတွေအတွက် အမေရိကန်ကို ခရီးထွက်နေပြီး ဝက်စ်ဟမ်းအသင်းနဲ့ အဖွင့်ပွဲ ကစားထားရာ (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရထားပြီး ကြာသပတေးနေ့မှာတော့ ချီကာဂိုမြို့မှာ ဘုန်းမောက်အသင်းနဲ့ ဒုတိယမြောက်ပွဲအဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။