မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြား စိတ်ဝင်စားနေကြတဲ့ ဖရန့်ဖတ် တိုက်စစ်ကစားသမား ဟူဂို အကီတီကီဟာ ဒီနွေဈေးကွက်မှာပဲ ဖရန့်ဖတ်ကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။
အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ တိုက်စစ်မှူး အကီတီကေဟာ လီဂူးကလပ် Reims အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၂၂မှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့ပေမယ့် ပဲရစ်ကလပ်မှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဖရန့်ဖတ်အသင်းဆီကို အငှားချခံခဲ့ရပါတယ်။
Photo Credit : Football FanCast
ဖရန့်ဖတ်က အကီတီကီကို အငှားကနေ အပြီးသတ် ဝယ်ယူလိုက်ချိန်မှာတော့ အသင်းအတွက် ပိုမို ခြေစွမ်းပြလာနိုင်ခဲ့ပြီး ဒီရာသီထဲမှာပဲ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံမှာ (၁၉)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် အကီတီကီကို ကလပ်အသင်းတွေက စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။
ပြင်သစ်ကစားသမားကို စိတ်ဝင်အစားဆုံး ဖြစ်နေတာကတော့ ယူနိုက်တက်အသင်းဖြစ်ပြီး ယူနိုက်တက်က နွေမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် တိုက်စစ်ကစားသမား တချို့ကို ပစ်မှတ်ထားနေခဲ့ရာ ဒီထဲမှာ အကီတီကီလည်း အပါအဝင် ဖြစ်လို့နေပါတယ်။ ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် အကီတီကီအပြင် ယိုကယ်ရက်စ် ၊ အော်ဆီမန်နဲ့ ဆက်စ်ကိုတို့ကိုပါ ချိန်ရွယ်နေပါတယ်။
Photo Credit : Transfermarket
ဒါပေမယ့် ဒီတိုက်စစ်မှူးတွေ အားလုံးထဲမှာ အကီတီကီက တန်ကြေးအသက်သာဆုံး ဖြစ်နေတာက နွေမှာ အသုံးစရိတ် အကန့်အသတ်နဲ့သာ အသုံးပြုရနိုင်တဲ့ ယူနိုက်တက်အတွက် ရွေးချယ်စရာ option တစ်ခု ဖြစ်လာနိုင်သလို အကီတီကီကလည်း ယူနိုက်တက်နဲ့ ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရိသတ် ဖြစ်တယ်လို့လည်း သတင်းတချို့မှာ ဖော်ပြထားပါသေးတယ်။
ဒီလို ယူနိုက်တက်အပြင် တခြားအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အကီတီကီဟာ ဒီနွေမှာပဲ ဖရန့်ဖတ်ကို စွန့်ခွာသွားဖို့ စီစဉ်နေပြီဖြစ်ပြီး သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲက တစ်သင်းသင်းဆီ ပြောင်းရွှေ့ဖွယ်လည်း ရှိနေပါတယ်။ ဖရန့်ဖတ်ကတော့ သူတို့ကစားသမားအတွက် အနည်းဆုံး ယူရိုသန်း(၆၀)လောက်အထိ တောင်းဆိုလာနိုင်ဖွယ် ရှိပါတယ်။