မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်း ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ မန်နူရယ်လ် အူဂါတေးက တန်ကြေး မြင့်မားလွန်းနေတာကြောင့် အူဂါတေးကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး တခြားသော ကွင်းလယ်ပစ်မှတ်တွေကိုပဲ ဆက်လက် ကြိုးပမ်းနေလျက် ရှိနေပါတယ်။

ယူနိုက်တက်က အူဂါတေးကို မရခဲ့ရင် ဇူဘီမန်ဒီ ရာဘီအော့ ဖိုဖားနား အမ်မရာဘတ်နဲ့ ဆန်ဒါဘတ်ချ်တို့ကို ချိန်ရွယ်ထားလျက် ရှိနေပြီး မနေ့ကတော့ ဘန်လေရဲ့ နော်ဝေ ကွင်းလယ်လူ ဆန်ဒါဘတ်ချ်နဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း Sky Sports ရဲ့ ဖော်ပြချက်အရ မိုနာကို ကွင်းလယ်လူ ဖိုဖားနားနဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အသက် (၂၅)နှစ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ဖိုဖားနားဟာ ၂၀၂၀ကတည်းက မိုနာကိုအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာမို့ အသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းနဲ့ ရောင်းချသွားဖို့ ဆန္ဒရှိလို့နေပါတယ်။

တကယ်တော့ အေစီမီလန်အသင်းက ဖိုဖားနားကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှုကို အစောကတည်းက ရရှိထားခဲ့တာ ဖြစ်ပေမယ့်လည်း မီလန်နဲ့တော့ သဘောတူညီမှု မရသေးတဲ့အတွက် ဒီအခြေအနေမှာ ယူနိုက်တက်က ကြားဖြတ် ဝင်ရောက်လာရင်း ဖိုဖားနားရဲ့ အေးဂျင့်နဲ့ရော မိုနာကိုနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အနေနဲ့က အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ကက်စီမဲရိုး အဲရစ်ဆင် တွမ်မီနေးတို့ကို ရောင်းချဖို့လည်း ခက်ခဲနေပြီး အဲရစ်ဆင်လောက်ပဲ အသင်းကနေ ထွက်ခွာနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေသလို သူတို့ လိုချင်နေတဲ့ အူဂါတေးကလည်း ယူရို သန်း(၆၀)ကနေ တန်ကြေး မကျသွားတာကြောင့် ယူရို (၂၅)သန်းလောက်နဲ့ ခေါ်နိုင်မယ့် ဖိုဖားနားကို ပိုမို မျက်စိကျလာခဲ့ပါတယ်။

Sky Germany ရဲ့ နာမည်ကျော် သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘတ် ဖော်ပြချက်မှာတော့ ယူနိုက်တက်ဟာ ဖိုဖားနားကို ချဉ်းကပ်နေစဉ်အတွင်း အသင်းရဲ့ ပရောဂျက်တွေပါ ကစားသမားကို ချပြခဲ့တယ်လို့ သိရပြီး Sky Sports မှာတော့ ယူနိုက်တက်က ဖိုဖားနားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မိုနာကိုနဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြထားပါတယ်။