မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ တိုက်ရိုက် ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်နေပြီဖြစ်ကြောင်း နောက်ဆုံးရသတင်းများအရ သိရှိရပါတယ်။
အမ်ဘူမိုအတွက် ယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်း + နောက်ထပ် အပိုဆုကြေး ပေါင်(၁၀)သန်းကို ဘရန့်ဖို့ဒ်အသင်းဘက်က ငြင်းဆန် ပယ်ချခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဒုတိယအကြိမ် ကမ်းလှမ်းမှု အသစ်တစ်ခုကို ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
Photo Credit : Caught Offside
လာမယ့် ကမ်းလှမ်းမှုအသစ်ဟာ ဝုလ်ဗ်အသင်းက တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာရဲ့ တန်ကြေးသတ်မှတ်ချက်အတိုင်းနဲ့ ပိုမို နီးစပ်တဲ့ ပမာဏတစ်ခု ဖြစ်လာမယ်လို့လည်း သတင်းများကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ အမ်ဘူမိုအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် အပိုဆုကြေးတွေ အပါအဝင် ပေါင်သန်း(၆၀)လောက်နဲ့ ထပ်မံ ကမ်းလှမ်းသွားနိုင်ပါတယ်။
Mirror သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အမ်ဘူမိုကို ခေါ်ယူဖို့အတွက် အသင်းနှစ်သင်းကြား ဆွေးနွေးနေဆဲ ဖြစ်ပေမယ့်လည်း ကစားသမားဖြစ်သူနဲ့ကတော့ ၂၀၃၀ခုနှစ်အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ်အပြင် အပိုထပ်ဆောင်း (၁)နှစ်ကို ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားတယ်လို့ သိရပါတယ်။
Photo Credit : Premier League
ကစားသမားဖြစ်သူ အမ်ဘူမိုကိုယ်တိုင်ကလည်း သူရဲ့ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသထားပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေဖို့သာ တစ်ခုတည်းသော ဆန္ဒရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် နွေဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ဝုလ်ဗ်အသင်းက ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာကို ချက်ချင်း အားဖြည့်ထားခဲ့သလို အခုလည်း တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ ကင်မရွန်း တိုက်စစ်ကစားသမား အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းနေပါတယ်။