မန်ချက်စတာ ယူနိုက်တက်အသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ခံစစ်ပိုင်း အားဖြည့်တင်းဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ် ခံစစ်မှူး ဂလေဆွန် ဘရီမာကို အဓိကပစ်မှတ် ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ အီတလီ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေမှာ ခံစစ်ပိုင်းအတွင်း ကစားသမား အဝင်အထွက်တွေ တော်တော်များများ ဖြစ်ပေါ်လာဖို့ ရှိနိုင်ပြီး မက်ဂွိုင်းယား ဗာရန်း လင်ဒီလော့ဖ် နဲ့ အီဗန်စ်တို့ရဲ့ အနာဂတ်တွေဟာလည်း မရေမရာ ဖြစ်နေကြရပါတယ်။

Photo Credit : Trasnfermarket

ဒီကစားသမားတွေထဲမှာ ဗာရန်းက အသင်းကနေ ထွက်ခွာဖို့ သေချာလို့နေပြီး အဲ့ဒီအတွက် ခံစစ်ကို ပြန်လည် အားဖြည့်သွားဖို့ လိုအပ်နေပြီး ခံစစ်ကစားသမား အများအပြားဟာလည်း ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီထဲမှာ ဂျုဗင်တပ်စ် ခံစစ်မှူး ဘရီမာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ် ဗဟိုခံစစ်မှူး ဘရီမာဟာ ၂၀၂၂ခုနှစ်ကမှ တိုရီနိုကနေ ဂျုဗင်တပ်စ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ အခုထိ ဂျုဗင်တပ်စ်ရဲ့ အဓိက ခံစစ်မှူးတစ်ဦးအဖြစ် ပွဲတိုင်းနီးပါးကို ပါဝင်ကစားနေရပါတယ်။

Photo Credit : beIN SPORT

ဘရီမာဟာ ဂျုဗင်တပ်စ်ရဲ့ အဓိက နောက်ခံလူ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း ဂျုဗင်တပ်စ်အသင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေက ဘရီမာကို ရောင်းချရနိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။

ဂျုဗင်တပ်စ်အနေနဲ့ ဒီရာသီမှာ ဆုဖလားတွေနဲ့ လွဲချော်သွားခဲ့မယ်ဆိုရင် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေက ပိုဆိုးရွှားသွားနိုင်တာမို့ ဒီလိုသာ ဖြစ်လာခဲ့ရင် ဗလာဟိုဗစ် ဘရီမာတို့လို ထိပ်တန်း ကစားသမားတွေကို ရောင်းချရနိုင်ပါတယ်။