မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အစ်ဆွစ်ချ်တောင်းအသင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ အစ်ဆွစ်ချ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပေမယ့်လည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အစ်ဆွစ်ချ်အသင်းကို ဒီလက်ပ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) ကို ပေးချေဖို့ အသင့်ရှိနေကြောင်း အကြောင်းကြားထားပြီး ကစားသမားရဲ့ သဘောတူညီမှုကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီလက်ပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးသားဖြစ်ပြီး အခုတော့ ကစားသမားရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေပါတယ်။

Photo Credit : ESPN

Portman Road မှာ ပထမဆုံး ပွဲထွက်ရာသီမှာတင် ပရီးမီးယားလိဂ် (၁၂)ဂိုးသွင်းယူခဲ့တဲ့ ဒီလက်ပ်ကို ချဲလ်ဆီးအပါအဝင် ထိပ်တန်းကလပ်များစွာက စိတ်ဝင်စားနေကြပေမယ့် မန်ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ လျင်မြန်စွာ လှုပ်ရှားသွားဖို့ စောင့်မျှော်နေပြီး ဒီအပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

နည်းပြရူဘင် အမော်ရင်ရဲ့ ယူနိုက်တက်ဟာ ဝုလ်ဗ် တိုက်စစ်ကစားသမား မက်သီယပ်စ် ကူညာကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရလုနီးပါးဖြစ်နေပြီး ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန် အမ်ဘွေမိုကိုလည်း စိတ်ဝင်စားနေပါတယ်။ အမ်ဘွေမိုအတွက်ကိုတော့ ပေါင်သန်း(၅၀)ဝန်းကျင်လောက် ကုန်ကျနိုင်ဖွယ် ရှိနိုင်ပြီး ဂါနာချိုကို ရောင်းချနိုင်မှသာ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်က အခုရာသီမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိခဲ့တာကြောင့် အသင်းတိုက်စစ်ပိုင်း တစ်ခုလုံးကို လုံးဝ ပြောင်းလဲသွားဖို့ ရှိနေပြီး ဟွိုင်လန်း ဂါနာချိုတို့အပြင် အငှားချထားတဲ့ ရပ်ရှ်ဖို့ဒ် အန်တိုနီ ဆန်ချိုတို့ကိုပါ ရောင်းချကာ ကူညာ ဒီလပ်ပ်နဲ့ အမ်ဘွေမိုတို့ကို ပြန်လည် အားဖြည့်သွားဖို့ ရှိနေပါတယ်။

အိုးလ်ထရက်ဖို့ဒ်အသင်းအနေနဲ့ ဒီနွေရာသီမှာ ကစားသမားများစွာ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးစားနေပေမယ့် အသင်းက ဥရောပဝင်ခွင့် မရခဲ့တာကြောင့် ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပေါင်(၈၅)သန်းလောက်အထိ ဆုံးရှုံးခဲ့ရပါတယ်။