မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမား (၄)ဦးဖြစ်တဲ့ ကက်စီမဲရိုး ၊ ဗာရန်း ၊ မာရှယ် နဲ့ ဆန်ချိုတို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့အတွက် ဆော်ဒီကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန် မာတောက်ချ်ပါ ဆော်ဒီကို ရောက်ရှိနေပြီး အသင်းက ကစားသမား (၄)ဦးရဲ့ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်အသင်းများနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ယူနိုက်တက်က အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး တင်းမာလွန်းနေတဲ့ တောင်ပံကစားသမား ဆန်ချ်ို အပါအဝင် တန်ဟက်ဂ် သိပ်သဘောမတွေ့လှတဲ့ ကက်စီမဲရိုး ဗာရန်း နဲ့ မာရှယ်တို့ကိုပါ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလမှာ အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူ ဖြည့်တင်းနိုင်ဖို့အတွက် အသုံးစရိတ်တွေ ရရှိလာဖို့ အသင်းသား (၄)ဦးကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာဖွေဖွယ် ရှိနေပါတယ်။

Photo Credit : Goal

နည်းပြ တန်ဟက်ဂ်ကလည်း လာမယ့် ဈေးကွက်အတွင်းမှာ နေရာ(၄)နေရာအတွက် ကစားသမားသစ်တွေ မဖြစ်မနေ ဖြည့်တင်းသွားချင်နေတာကြောင့် အသင်းဘဏ္ဍာရေး အခြေအနေကလည်း အကန့်အသတ်နဲ့ ရှိနေနိုင်တဲ့အတွက် ကစားသမား ရောင်းထုတ်မှုကိုပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ ဆော်ဒီကလပ်တွေဟာ နွေရာသီ ဈေးကွက်မှသာ ကစားသမားတွေကို ခေါ်ယူဖြည့်တင်းကြတာ ပိုများလို့ ယူနိုက်တက်ရဲ့ ကစားသမား ရောင်းချမယ့် အစီအစဉ်က ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်း နည်းပါးနေတယ်လို့ သိရပါတယ်။