မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားထိပ်တန်းကလပ် ဘိုကာဂျူနီယာရဲ့ ကြယ်ပွင့်ကစားသမားလေး မီလ်တန် ဒယ်လ်ဂါဒိုကို ခေါ်ယူဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်ဟာ ယူရို(၁၁)သန်းဝန်းကျင် တန်ကြေးရှိတဲ့ အသက်(၂၀)အရွယ် ကွင်းလယ်လူလေးရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အာဂျင်တီးနားသတင်းဌာန Canal 26 ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဒယ်လ်ဂါဒိုရဲ့ လက်ရှိ ဘိုကာဂျူနီယာနဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
Photo Credit : Sempre Inter
ဒယ်လ်ဂါဒိုဟာ ၂၀၂၄ ခုနှစ်အစောပိုင်းမှာ ဘိုကာအသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး ယခင်နည်းပြ ဖာနန်ဒို ဂါဂို လက်ထက်မှာ အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာဖို့ လမ်းစပေါ်နေခဲ့သူပါ။ ဒါပေမယ့် နည်းပြသစ် မီဂယ် အန်ဟယ် ရူဆို ရောက်လာပြီးနောက်ပိုင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ နေရာပျောက်ဆုံးနေခဲ့ပါတယ်။ နည်းပြရူဆိုဟာ ဂါဂိုလောက် ဒီကွင်းလယ်လူကို သဘောကျခြင်းမရှိတာကြောင့် ယူနိုက်တက်အတွက် အိုးထရက်ဖို့ဒ်ကို ခေါ်ဆောင်လာဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။
ဘိုကာအသင်းဘက်ကလည်း ဒယ်လ်ဂါဒိုကို ပြည်တွင်းကလပ်တွေကို အငှားချပေးမယ့်အစား ပြောင်းရွှေ့ကြေးပိုမိုရရှိနိုင်မယ့် ပြည်ပကလပ်တစ်ခုကိုသာ ရောင်းချလိုနေပါတယ်။ အာဂျင်တီးနား ပထမတန်းချန်ပီယံ (၃၅)ကြိမ်ဖြစ်ထားတဲ့ ဘိုကာအသင်းဟာ သူ့ရဲ့တန်ဖိုးကို ယူရို(၁၁)သန်းထက်မနည်း ရရှိလိုနေပြီး ယူနိုက်တက်ကတော့ လာမယ့်ရက်အနည်းငယ်အတွင်း ကမ်းလှမ်းမှုပြုလုပ်မယ့်အသင်းအဖြစ် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
Photo Credit : Sortitoutsi
ဒယ်လ်ဂါဒိုကို ယူနိုက်တက်တစ်သင်းတည်း စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူး။ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ အင်ဒီပင်ဒါယန်တေး၊ ဂိုဒွိုင်းခရုဇ် နဲ့ ကလပ်အက်သလက်တီကို တီဂရေးတို့ကလည်း သူ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးရွားခဲ့ပြီးနောက် မန်ယူအသင်းဟာ ရာသီကြိုလေ့ကျင့်ခန်းတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ နည်းပြ ရူဘင်အာမိုရင်က အသင်းကို သူ့ရဲ့ပုံစံအတိုင်း တည်ဆောက်ဖို့အတွက် ကစားသမားသစ်တွေ လိုအပ်နေဆဲပါ။ အသင်းဟာ ဒီနွေရာသီမှာ မာသီးယပ်စ် ကူညာ နဲ့ ဒီယေဂို လီယွန်တို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် နောက်ထပ်အားဖြည့်မှုတွေ ဆက်လုပ်သွားဖို့ ရှိနေပါတယ်။