မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြရူဘင် အမိုရင်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် မော်တင် ဟျူမန်းကို ခေါ်ယူဖို့အတွက် ပထမဆုံး တရားဝင်ကမ်းလှမ်းမှုကို ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒိန်းမတ်ကွင်းလယ်ကစားသမားအတွက် အီတလီကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အီတလီသတင်းဌာန Calciomercato ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဟျူမန်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့ တရားဝင် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်ကို ကျော်လွန်ပြီး ဒီကစားသမားအတွက် အပြိုင်လုပွဲမှာ ရှေ့ဆုံးက ဦးဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ နည်းပြအမိုရင်ဟာ လစ္စဘွန်းမှာ လက်တွဲခဲ့တုန်းက အသင်းကို သူ့ကို ဗဟိုပြုပြီး တည်ဆောက်ခဲ့တဲ့ အသက်(၂၅)နှစ်အရွယ် ကစားသမားဟောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်ပေါင်းစည်းဖို့ အလွန်အမင်း ဆန္ဒပြင်းပြနေတယ်လို့ ဆိုပါတယ်။

Photo Credit : Centredevils

ဂျူဗင်တပ်စ်အသင်းကတော့ လစ္စဘွန်းအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)ကို ပေးချေဖို့ ဘဏ္ဍာရေးအရ အခက်အခဲရှိနေပါတယ်။ ဒါကြောင့် သူတို့ဟာ အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒေါက်ကလပ်စ် လုဇ် ဒါမှမဟုတ် အာသာ မယ်လိုတို့ကို အလိုက်ပေးကမ်းလှမ်းပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကြိုးစားသွားနိုင်ပါတယ်။

လက်ရှိ ဥရောပရဲ့ ဝယ်လိုအားအများဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့ ဟျူမန်းကို စပို့တင်းအသင်းက စခေါ်ယူခဲ့စဉ်က စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း(၈၀)ဆိုတဲ့ ပမာဏကို ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့ဟာ ယူရိုသန်း(၅၀)ဝန်းကျင်နဲ့ စတင်ညှိနှိုင်းဖို့ တံခါးဖွင့်ထားပါတယ်။

Photo Credit : TEAMtalk

ဟျူမန်းရဲ့ အေးဂျင့်ဖြစ်သူကတော့ ဒီအပြောင်းအရွှေ့ဟာ ယူရိုသန်း(၃၀)ကနေ (၄၀)ကြားနဲ့ အောင်မြင်နိုင်တယ်လို့ ယုံကြည်နေပြီး ဒါဟာ မန်ယူနိုက်တက်ရဲ့ လက်ရှိကမ်းလှမ်းမှုနဲ့ ကိုက်ညီနေပါတယ်။ ဒိန်းမတ်လက်ရွေးစင် ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အထူးသဖြင့် နည်းပြဟောင်း အမိုရင်နဲ့ ပြန်လည်လက်တွဲဖို့ အလားအလာကောင်းနေပါတယ်။

လောလောဆယ်မှာတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ ဒီအပြိုင်လုပွဲရဲ့ အခရာဖြစ်နေပါတယ်။ တကယ်လို့ စပို့တင်းအသင်းက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ရင်တောင် နည်းပြအမိုရင်က ဟျူမန်းကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာကြောင့် ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံရောက်ရှိလာဖို့ သေချာသလောက်ပါပဲ။ ဂျူဗင်တပ်စ်အတွက်ကတော့ ကစားသမားရောင်းထုတ်ပြီးမှသာ ကမ်းလှမ်းမှု ပြုလုပ်နိုင်မှာဖြစ်လို့ ယူနိုက်တက်က ဒီအပြောင်းအရွှေ့မှာ ရှင်းရှင်းလင်းလင်းနဲ့ကို ရှေ့ဆုံးက ပြေးနေတယ်လို့ သုံးသပ်နိုင်ပါတယ်။