မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့အတွက် ဘရန့်ဖို့ဒ်အသင်းထံဆီ တိုးမြှင့်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ပြီး ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်လိုက်ပါတယ်။

ယူနိုက်တက်က အမ်ဘူမိုအတွက် နောက်ဆုံးကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်း အပြင် အပိုဆုကြေး ပေါင်(၅)သန်း ပါဝင်ပြီး လန်ဒန်အခြေစိုက်ကလပ် ဘရန့်ဖို့ဒ်အသင်းရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။

Photo Credit : FourFourTwo

The Athletic သတင်းစာရဲ့ ပြီးခဲ့တဲ့လက ဖော်ပြချက်အရ အမ်ဘူမိုဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့လုပ်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ဘရန့်ဖို့ဒ်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ကို အကြောင်းကြားခဲ့ဖူးပါတယ်။

မန်ယူနိုက်တက်က အမ်ဘူမိုအတွက် ကနဦး ပေါင်(၄၅)သန်းအပြင် အပိုဆုကြေး ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ်က ပယ်ချခဲ့ဖူးပါတယ်။ အဲဒီနောက် ပေါင်(၅၅)သန်းအပြင် ဘောနပ်စ် ပေါင်(၇.၅)သန်း ပါဝင်တဲ့ တိုးမြှင့်ကမ်းလှမ်းမှုကိုလည်း ထပ်မံပယ်ချခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ ဒီနွေရာသီမှာ ဝုလ်ဗ်ကနေ မန်ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ မာသီးယပ်စ် ကူညာအတွက် ပေးခဲ့တဲ့ ပေါင်(၆၂.၅)သန်းထက် ကျော်လွန်တဲ့ ပမာဏကို ရရှိဖို့ ရည်ရွယ်ထားတာပါ။

Photo Credit : Sky Sports

မန်ယူနိုက်တက်က သဘောတူညီမှု ရရှိဖို့ ကြိုးစားနေစဉ်မှာ ဆွေးနွေးမှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်။ The Athletic က ဇွန်လ ၂ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် အမ်ဘူမိုဟာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ချင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ် အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်မှာ သူ့ရဲ့ စာချုပ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး ဘရန့်ဖို့ဒ်မှာတော့ သူ့ရဲ့ စာချုပ်ကို နောက်ထပ် (၁၂)လ သက်တမ်းတိုးနိုင်တဲ့ ရွေးချယ်ခွင့် ရှိနေပါတယ်။

တော့တင်ဟမ်မှာလည်း နည်းပြ သောမတ်စ် ဖရန့်ခ်က ဘရန့်ဖို့ဒ်ကနေ ပြောင်းလာပြီးနောက် အမ်ဘူမိုအပေါ် ချီးကျူးမှုတွေ ပိုများလာခဲ့ပါတယ်။ ဒါပေမဲ့ အမ်ဘူမိုကတော့ သူသာ Gtech Community Stadium ကနေ အခုထွက်ခွာမယ်ဆိုရင် အိုးလ်ထရက်ဖို့ဒ်ကိုပဲ ပြောင်းရွှေ့မယ်လို့ တော့တင်ဟမ်နဲ့ ဘရန့်ဖို့ဒ်ကို အကြောင်းကြားခဲ့ပါတယ်။