စပိန်အခြေစိုက် SPORT သတင်းစာရဲ့ ဖော်ပြချက်များအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဖားမင်း လိုပက်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းခဲ့သေးတယ်လို့ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် လိုပက်ဇ်ဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်မှာလည်း စပိန်အိုလံပစ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူဖြစ်ပြီး အသင်းကို ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Stretty News

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှာ ဘာစီလိုနာ စီနီယာအသင်းကြီးအတွက် စတင် ကစားခွင့် ရလာခဲ့တဲ့ လိုပက်ဇ်ဟာ အခုအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်လက်ထက်မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရပေမယ့် ပတ်ဒရီ ဂါဗီ ကာဒိုဆိုလို ကွင်းလယ်ကစားသမားတွေကို ကျော်ဖြတ်ပြီး ပုံမှန်ပွဲကစားခွင့်တွေ ရဖို့ကတော့ ခက်ခဲနေရပါတယ်။

ဒီအခြေအနေကို သိနေတဲ့ ယူနိုက်တက်အသင်းက လိုပက်ဇ်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရာ ကစားသမားကိုယ်တိုင် ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး သူရဲ့ boyhood ကလပ်အသင်းမှာသာ ဆက်လက် ရှိနေမှာ ဖြစ်သလို အသင်းကနေ ထွက်ခွာဖို့ကိုလည်း စဉ်းစားမှာ မဟုတ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : FC Barcelona

SPORT ရဲ့ ဖော်ပြချက်အရ လိုပက်ဇ်ကို ယူနိုက်တက် တစ်သင်းတည်းသာမကဘဲ အက်စတွန် ဗီလာအသင်းကပါ ကြိုးပမ်းမှုတွေ ရှိခဲ့သေးပြီး လိုပက်ဇ်ကတော့ သူ့ကို ချဉ်းကပ်လာတဲ့ အသင်းတိုင်းကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ လိုပက်ဇ်က ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲကစား (၄)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

အသင်းနဲ့ ၂၀၂၉ခုနှစ်အထိ နှစ်ရှည် စာချုပ်တစ်ရပ် ရှိနေတဲ့ လိုပက်ဇ်ဟာ ကွင်းလယ်ပိုင်းအပြင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေထိပါ ကစားနိုင်သူဖြစ်သလို ဒီရာသီထဲမှာဆိုရင်လည်း ကွင်းလယ်တိုက်စစ်နေရာအဖြစ် (၁၀)ပွဲ ကွင်းလယ်နေရာကနေ (၈)ပွဲ ဘယ်တောင်ပံနေရာနဲ့ (၅)ပွဲနဲ့ ညာတောင်ပံနေရာမှာ (၁)ပွဲ ကစားထားခဲ့ပါတယ်။