မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်သေးတဲ့ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်ကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျက်ဆင်ရဲ့ တန်ကြေးကိုတော့ ချယ်လ်ဆီးဘက်က ပေါင်သန်း(၁၀၀)အဖြစ် သတ်မှတ်ထားပါတယ်။
နွေရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ တက်တက်ကြွကြွ ရှာဖွေနေတဲ့ မန်ယူနိုက်တက်ဟာ ဆီနီဂေါ တိုက်စစ်မှူး ဂျက်ဆင်ကို စိတ်ဝင်စားနေတဲ့ အသင်းများစွာထဲက တစ်သင်းအဖြစ် ပေါ်ထွက်လာပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေ ပြီးစီးပြီးနောက် ဂျက်ဆင်ရဲ့ အနာဂတ်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။
Photo Credit : ESPN
အရင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ နီကိုလပ်စ် ဂျက်ဆင်ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တက်တက်ကြွကြွ ရှာဖွေနေခြင်း မရှိဘူးလို့ ဆိုပါတယ်။ အန်ဇို မာရက်စ်ကာလက်အောက်မှာ ဂျက်ဆင်ရဲ့ နေရာဟာ အနည်းငယ် ကျဆင်းသွားပေမဲ့ ချယ်လ်ဆီးအသင်းကတော့ သူ့ရဲ့တန်ကြေးကို ပေါင်သန်း(၁၀၀)ဝန်းကျင်အဖြစ် ဆက်လက်သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သတင်းထောက် နာဘီလ် ဒီဂျယ်လီရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဟာ ဂျက်ဆင်အပေါ် သူတို့ရဲ့ သဘောထားကို ပြောင်းလဲလာပြီး ယူရိုသန်း(၇၀)(ပေါင်သန်း၆၀) ဝန်းကျင်ဈေးနဲ့ ရောင်းချဖို့ ဆန္ဒရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီဂျယ်လီက ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေ ပြီးဆုံးပြီးနောက် ချယ်လ်ဆီးအသင်းက နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ အက်စတွန် ဗီလာတို့ဟာ ဂျက်ဆင်ကို စိတ်ဝင်စားနေကြပြီး အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းကလည်း ဒီကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးဖို့ အာရုံစိုက်နေပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့မှာ နယူးဂျာစီပြည်နယ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။