မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီ ၊ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်နဲ့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်တို့ကို ချိန်ရွယ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မနှစ်က ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နည်းပြ တန်ဟက်ဂ်ဟာ သူရဲ့ ပွဲဦးထွက်ရာသီမှာ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်ယူပေးဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit : Football365

ပရီးမီးယားလိဂ် ပွဲစဉ် (၂၇)အထိ ကစားပြီးသွားချိန်မှာ အဆင့် (၄)နေရာက အက်စတွန် ဗီလာအသင်းနဲ့ (၁၁)မှတ်အထိ ကွာဟနေရတဲ့ အခြေအနေက ယူနိုက်တက်အတွက် အတော်လေးကို ဆိုးရွှားနေရပြီး ဗီလာကို ကျော်လွှားနိုင်ဖို့ရော အဆင့်(၅)နေရာက စပါးကို ကျော်ဖြတ်ဖို့ပါ ခက်ခဲလို့နေပါတယ်။

ဒီအခြေအနေတွေကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေအပြင် ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့ကပါ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ပြီး သူ့နေရာအတွက် နည်းပြသစ် ပြန်လည် အစားထိုးဖို့ စီစဉ်နေရာ လတ်တလောမှာတော့ နည်းပြ (၃)ဦးအထိ ချိန်ရွယ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : ESPN FC

နည်းပြ(၂)ဦးကတော့ လက်ရှိ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ နည်းပြတွေဖြစ်တဲ့ ဒီဇာဘီနဲ့ သောမတ်စ် ဖရန့်တို့ဖြစ်ပြီး ဒီနည်းပြ(၂)ဦးလုံးက အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိတော့ ယူနိုက်တက်လို ထိပ်တန်းကစားသမားတွေနဲ့ ဝန်းရံထားတဲ့ အသင်းကို ကိုင်တွယ်ဖို့က အခက်အခဲ ရှိနိုင်ပါတယ်။

နောက်ပြီး ဆောက်ဂိတ်ကလည်း ကစားသမားကောင်းတွေ တဖြည်းဖြည်း များပြားလာတဲ့ အင်္ဂလန်အသင်းကိုတောင် ဆုဖလားရအောင် မစွမ်းဆောင်ပေးနိုင်တဲ့ နည်းပြဖြစ်ပြီး သူရဲ့ ကလပ်အသင်း နည်းပြဘဝကလည်း အထင်ကြီးလောက်စရာ မှတ်တမ်းတွေ ရှိမထားတာကြောင့် ယူနိုက်တက်ပစ်မှတ် နည်းပြ(၃)ဦးလုံးက အသင်းအတွက် အကျိုးပြုဖို့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။