မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် လူငယ် တိုက်စစ်ကစားသမားလေးဖြစ်သူ ဖရန်ချက်စကို ကာမာဒါကို ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုပါ ပြုလုပ်ထားတယ်ဆိုပြီး အီတလီ အခြေစိုက် Calcio Mercato ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၁၆)နှစ်သာ ရှိသေးတဲ့ အီတလီ ယူ-၁၇ ကစားသမားလေး ကာမာဒါဟာ လက်ရှိမှာ အေစီမီလန်အသင်းအတွက် စီးရီးအေ ပွဲစဉ် (၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပေမယ့်လည်း မီလန်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကိုတော့ မချုပ်ဆိုရသေးပဲ ရှိနေပါတယ်။

Photo Credit : Sempre Milan

မီလန်အနေနဲ့ သူတို့ရဲ့ လူငယ် ကစားသမားလေးကို အခုလို ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုရသေးတဲ့အတွက် တခြားကလပ်အသင်းတွေရဲ့ ချဉ်းကပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး လက်ရှိမှာလည်း ယူနိုက်တက်အသင်းက ကာမာဒါလေးကို ဆက်တိုက် ချဉ်းကပ်မှုတွေ လုပ်ဆောင်နေပါတယ်။

Calcio Mercato သတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ လွန်ဂိုနီရဲ့ သတင်းဖော်ပြချက်မှာတော့ ယူနိုက်တက်အနေနဲ့ ကာမာဒါအတွက် အလွန်အရေးကြီးတဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်ထားခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Sportstar

ဒါပေမယ့် ဗြိတိန်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အသက် (၁၈)နှစ်မပြည့်သေးတဲ့ ကာမာဒါက အင်္ဂလန်မှာ ကစားခွင့် ရရှိဦးမှာ မဟုတ်တဲ့အတွက် ယူနိုက်တက်အနေနဲ့ ကာမာဒါကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် အီတလီက ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်အငှားချသွားရပါလိမ့်မယ်။

ဒါပေမယ့် ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူးကို လက်လွတ်ရတော့မယ့် မီလန်ကတော့ အသင်းတိုက်စစ်ပိုင်းမှာ အားထားရလာနိုင်တဲ့ တိုက်စစ်မှူးလေး ကာမာဒါကို လက်လွတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းထားနိုင်အောင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။