မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ ခံစစ်ကစားသမား ဂလေဆွန် ဘရီမာကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ Calciomercato ကနေ ဖော်ပြလာပါတယ်။

ယူနိုက်တက်က လာမယ့်နွေမှာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဗာရန်း လင်ဒီလော့ဖ် မက်ဂွိုင်းယားတို့ အနာဂတ်တွေဟာလည်း မရေမရာ ဖြစ်လို့နေရသလို ကစားသမားသစ် အမြောက်အများကိုလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo : Juventus FC

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ခံစစ်ကစားသမားတွေထဲမှာ အဲဗာတန် ခံစစ်ကစားသမား ဘရန့်ဝေ့တ် ၊ ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဒီလစ် ၊ နိုက်စ် နောက်ခံလူ တိုဒီဘို ၊ ဘာစီလိုနာ ဗဟိုခံစစ်မှူး အာရူဟို နဲ့ ဂျုဗင်တပ်စ် နောက်ခံကစားသမား ဘရီမာတို့လည်း ပါဝင်နေပါတယ်။

ဒီထဲကမှ ယူနိုက်တက်ဟာ အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဘရီမာကို ခေါ်ယူသွားဖို့ အလားအလာကောင်းတွေ ရှိနေရပြီး ဂျုဗင်တပ်စ်ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဘရီမာလို အဓိက ကစားသမားမျိုးကို လက်လွတ်သွားရနိုင်ဖွယ် ရှိနေပါတယ်။

Photo : The Sun

တိုရီနို ကစားသမားဟောင်း ဘရီမာဟာ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာချိန်ကတည်းက အသင်းရဲ့ အမာခံ ကစားသမားအဖြစ် ပါဝင်နေရပြီး ဒီရာသီမှာလည်း ဂျုဗင်တပ်စ်ရဲ့ စီးရီးအေ ပွဲတိုင်းလိုလိုကို ပါဝင်ကစားထားခဲ့ရပါတယ်။ ဒါ့အပြင် ဘရီမာက ဂျုဗင်တပ်စ်နဲ့ ၂၀၂၈ခုနှစ်အထိပါ ကာလရှည် စာချုပ် ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂျုဗင်တပ်စ်က ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဘရီမာကို ပေါင် သန်း(၇၀)လောက်နဲ့ ရောင်းချသွားဖို့ ရှိနေပြီး ယူနိုက်တက်အနေနဲ့ကလည်း ဘရီမာလို အမြင့်ဘောကောင်းပြီး ရုပ်ပိုင်းဆိုင်ရာ ထူးခြားကောင်းမွန်တဲ့ ခံစစ်ကစားသမားအတွက် ဂျုဗင် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးလောက်နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။