မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ အစ်ဆွစ်ချ်တောင်းအသင်းရဲ့ အထောင်တိုက်စစ်မှူး လီယန် ဒီလပ်ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်ဖို့ အခြေအနေကောင်းနေပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့တာကြောင့် ရာသီမကုန်ခင်မှာပဲ တိုက်စစ်ပိုင်းကို အားဖြည့်တင်းဖို့ ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး ရာသီပိတ်ပွဲစဉ် အပြီးမှာ ကူညာကို ခေါ်ယူဖို့ here we go ချက်ချင်း ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ကူညာကို ယူနိုက်တက်က နံပါတ်(၁၀)နေရာ နောက်ချန်တိုက်စစ်နေရာအတွက် ပစ်မှတ်ထားခဲ့တာ ဖြစ်သလို အထောင်တိုက်စစ်နေရာအတွက်ကိုလည်း အိုဆီမန် ယိုကယ်ရက်စ်နဲ့ ဒီလပ်တို့လို တိုက်စစ်မှူးတွေ ချိန်ရွယ်ခဲ့ပြီး လက်ရှိမှာတော့ ဒီလပ်ကို ခေါ်ယူနိုင်ဖို့က နီးစပ်လာခဲ့ရပါတယ်။

အသက်(၂၂)အရွယ် မန်စီးတီး လူငယ်ကစားသမားဟောင်း ဒီလပ်ဟာ စတုတ်စီးတီး ပရက်စတန် ဟားလ်စီးတီး အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ဖူးပြီး အစ်ဆွစ်ချ်နဲ့အတူ ပရီးမီးယားလိဂ်မှာလည်း တစ်ရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ပစ်ဘောတွေနဲ့ နာမည်ကြီးသူ ရွိုင်း ဒီလပ်ရဲ့ သားတော်မောင် လီယန် ဒီလပ်ဟာ အစ်ဆွစ်ချ်အသင်းအတွက် ပရီးမီးယားလိဂ် (၃၆)ပွဲကစား (၁၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ကိုလည်း ယူနိုက်တက် အပါအဝင် ချယ်လ်ဆီး အဲဗာတန် နော်တင်ဟမ် နယူးကာဆယ် အစရှိတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူချင်နေကြပါတယ်။

ဒါပေမယ့် The Telegraph က ဖော်ပြထားတဲ့ သတင်းတွေအရ ဒီလပ်ဟာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ယူနိုက်တက်အသင်းကိုသာ ရွေးချယ်သွားချင်နေပြီး ယူနိုက်တက်ဘက်ကလည်း ဒီလပ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေသလို ဒီလပ်ကိုလည်း (၅)နှစ် + အပိုထပ်ဆောင်း (၁)နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။