ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းဟာ အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေးတစ်ခု ရလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ အီတလီကလပ် အတ္တလန်တာအသင်းနဲ့ အဒီမိုလာ လွတ်ခ်မန်းနဲ့ ဟွိုင်လန်းတို့ကို အလဲအထပ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေရာသီကမှ စီးရီးအေကလပ် အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ရောက်လာတဲ့ တန်ကြေးမြင့် ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်းလန်းဟာ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ရူဘင် အမော်ရင်တို့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရပါတယ်။ အသက်(၂၂)နှစ်အရွယ် ကစားသမားဟာ ပါဝင်ကစားခဲ့တဲ့ (၈၈)ပွဲမှာ (၂၄)ဂိုးသာ သွင်းယူထားနိုင်တာဖြစ်လို့ ယူနိုက်တက်ဘက်က နောက်ရာသီအတွက် တိုက်စစ်မှူးအသစ် ရှာဖွေနေပါတယ်။
Photo Credit : United in Focus
ဟွိုင်လန်းက ဒီရာသီထဲ ပြိုင်ပွဲစုံမှာ (၈)ဂိုးအထိ သွင်းထားနိုင်ခဲ့ပေမယ့် (၅)ဂိုးကို ယူရိုပါလိဂ်မှာ သွင်းထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး (၃)ဂိုးတည်းသာ သွင်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ခုနှစ် ဧပြီလအထိ ယူနိုက်တက်အတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ်တွေထဲမှာလည်း ဟွိုင်လန်းက သွင်းဂိုး (၁)ဂိုးတည်းသာ သွင်းပေးထားနိုင်ခဲ့တဲ့အထိ သူ့ဂိုးသွင်းစွမ်းရည်က မေးထွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဟွိုင်းလန်းကို အတ္တလန်တာဆီ ပြန်ပို့ပြီး အလဲအထပ်အနေနဲ့ လွတ်ခ်မန်းကို အိုးထရက်ဖို့ဒ် ခေါ်ယူမယ့် အစီအစဉ်တစ်ခု ရေးဆွဲထားပါတယ်။ အတ္တလန်တာဘက်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းအပေါ် ယုံကြည်မှုရှိဆဲဖြစ်ပြီး ဒိန်းမတ်သားကို ပြန်လည်ခေါ်ယူဖို့ကို ငြင်းပယ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ကတော့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေတဲ့ လွတ်ခ်မန်းရဲ့ သဘောထားအပေါ်မှာ မူတည်နေပါတယ်။
Photo Credit : Football365
ယူနိုက်တက်ဟာ လွတ်ခ်မန်းကိုပဲ အဓိက ပစ်မှတ်ထားနေတာမျိုး မဟုတ်ဘဲ အစ်ဆွစ်ချ်တောင်းက လီယမ် ဒီလက်ပ်နဲ့ ဝုဗ်အသင်းက မာသီးယပ်စ် ကူညာတို့လို တိုက်စစ်ကစားသမားတွေကိုလည်း အသင်းရဲ့ အဝယ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဟွိုင်းလန်းအနေနဲ့တော့ ယူနိုက်တက်မှာ ဆက်ရှိနေမယ့် အခြေအနေက မသေချာတော့ဘူးလို့ ဆိုရမှာပါ။
ဒီနွေရာသီမှာ ယူနိုက်တက်အနေနဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်မလားဆိုတာကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမလားဆိုတဲ့အပေါ် မူတည်နေတယ်ဆိုတာကို ယူနိုက်တက်ဘက်က နားလည်ထားပါတယ်။ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဒီရာသီ ယူရိုပါလိဂ်ကို မဖြစ်မနေ ဗိုလ်စွဲမှသာ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။