မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဗလင်စီယာ ကွင်းလယ်ကစားသမား ဂျာဗီ ဂွဲရားကို ခေါ်ယူဖို့ အလွန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒီစပိန်ကွင်းလယ်လူကို အီတလီကလပ် အေစီမီလန်ကလည်း စိတ်ဝင်စားနေပေမယ့် မန်ယူအသင်းက သူ့ကိုခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဝုဗ်လ်အသင်းက မားသီးယပ်စ် ကူညာအပါအဝင် ကစားသမား(၃)ဦးကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

Photo Credit : The Peoples Person

နာမည်ကျော် အားကစားဂျာနယ်လစ် ဒန်နီလီ လွန်ဂိုရဲ့ ဖော်ပြချက်အရ အသက်(၂၂)နှစ်အရွယ် ဂွဲရားဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ သူဟာ ဗလင်စီယာအသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲဦးထွက်ကစားခဲ့သူပါ။

အီတလီကလပ် အေစီမီလန်ဟာ ဂွဲရားကို ခေါ်ယူဖို့အတွက် ယူရို(၂၅)သန်းမှ သန်း(၃၀)ကြား ကုန်ကျနိုင်မယ့် သဘောတူညီမှုတစ်ခု ရရှိဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် Mundo Deportivo သတင်းစာရဲ့ အဆိုအရ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ကလပ် အက်စတွန် ဗီလာတို့ကလည်း ဒီလူငယ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Photo Credit : The Football Faithful

Marca သတင်းစာကတော့ မန်ယူနဲ့ အေစီမီလန်တို့ဟာ ဒီတစ်ပတ်အတွင်း ကစားသမားဖြစ်သူနဲ့ သူ့ရဲ့ကလပ်အသင်းတို့ တွေ့ဆုံမယ့် အစည်းအဝေးကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ အဲဒီအစည်းအဝေးမှာ နှစ်ဖက်လုံးက စာချုပ်သစ် ဒါမှမဟုတ် ရောင်းချမယ့် အလားအလာကို ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဂွဲရားအပြင် မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့လည်း အပြင်းအထန် ကြိုးစားနေပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။