မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမျိုးသားအသင်းရဲ့ စွမ်းဆောင်ရည် ဆိုးရွားမှုကြောင့် ရာသီကုန် ဆုပေးပွဲ အခမ်းအနားကြီးကို လေးနှစ်အတွင်း တတိယအကြိမ်အဖြစ် ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် ယူနိုက်တက်အသင်းဟာ ရာသီကုန်တိုင်းမှာ အမျိုးသား အမျိုးသမီးနဲ့ လူငယ်အသင်းတွေအားလုံးအတွက် အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ခမ်းနားတဲ့ ညစာစားပွဲနဲ့အတူ ဆုပေးပွဲအခမ်းအနားကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲမှာ ဆာ မက်တ် ဘတ်စ်ဘီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အပါအဝင် ရာသီအတွင်း အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို ဆုချီးမြှင့်လေ့ရှိတာပါ။
Photo Credit : Goal
ဒါပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ နည်းပြ ရူဘင် အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၆)နေရာအထိ ရောက်ရှိနေပြီး စွမ်းဆောင်ရည်ဆိုးရွားနေတာကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပေမယ့်လည်း ဒီလိုအချိန်မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပဖို့ မသင့်တော်ဘူးလို့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆)ပွဲ ကစားပြီးချိန်မှာ ရမှတ် (၃၉)မှတ်သာ ရရှိထားပြီး (၁၇)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒါဟာ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အနိမ့်ဆုံး ရပ်တည်မှုနဲ့ ရာသီသိမ်းဖို့ သေချာနေတဲ့ အခြေအနေဖြစ်ပြီး နိုဝင်ဘာလမှာ တန်ဟက်ဂ်နေရာကို အစားထိုးဝင်ရောက်လာတဲ့ နည်းပြ အမော်ရင် ကိုယ်တိုင်ကလည်း အသင်းရဲ့ကစားသမားတွေကို အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Photo Credit : Mirror Football
အမျိုးသားအသင်းရဲ့ အခြေအနေဆိုးရွားနေပေမယ့် ယူနိုက်တက်ရဲ့ အမျိုးသမီးအသင်းကတော့ WSL ပြိုင်ပွဲမှာ တတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ လူငယ်အသင်းတွေဖြစ်တဲ့ ယူ-၂၁ အသင်းက ပရီးမီးယားလိဂ် ၂ မှာ အဆင့်(၅) ယူ-၁၈ အသင်းက သူတို့ရဲ့လိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာတွေနဲ့ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။ ညစာစားပွဲနဲ့ ဆုပေးပွဲ အခမ်းအနားအစား ဆုတွေကိုတော့ ဗီလာအသင်းနဲ့ ကစားမယ့် ရာသီပိတ် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် မတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းအတွင်းမှာပဲ ပေးအပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး ဒီဆုကို စံချိန်တင် လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ဖွယ်ရှိနေပါတယ်။
စီစဉ်ထားတဲ့ ညစာစားပွဲ အခမ်းအနားကို ဖျက်သိမ်းခဲ့ရတာဟာ လွန်ခဲ့တဲ့ လးရာသီအတွင်းမှာ ဒါဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အဲရစ် တန်ဟက်ဂ်ရဲ့အသင်း လိဂ်မှာ အဆင့်(၈)နဲ့သာ ရာသီသိမ်းခဲ့ချိန်ကလည်း အခမ်းအနား ကျင်းပဖို့ မသင့်တော်ဘူးလို့ ယူဆခဲ့ကြပါသေးတယ်။ ၂၀၂၁-၂၂ ရာသီကုန်မှာလည်း အသင်းက ရမှတ်(၅၈)မှတ်နဲ့ အဆင့်(၆)သာရရှိခဲ့ပြီး နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတဲ့ ရာသီဖြစ်တာကြောင့် ကစားသမားတွေ ကိုယ်တိုင်က ညစာစားပွဲကို ဖျက်သိမ်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။