မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နောက်ခံအစွန်လူ ဒီယိုဂို ဒါလော့ကို ရီးယဲလ် မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အသင်းဘက်ကနေလည်း ဒါလော့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)လောက်နဲ့ ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ The Independent ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၅)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူ ဒါလော့ဟာ ၂၀၁၈ခုနှစ်ကတည်းက ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး စစချင်း နှစ်တွေမှာ ပွဲကစားခွင့်တွေ သိပ်မရလို့ အေစီမီလန်ဆီပါ အငှားနဲ့ သွားကစားခဲ့ရပေမယ့် အဲ့ဒီနောက်ပိုင်းကတည်းက ဒါလော့က ယူနိုက်တက်မှာ ပုံမှန်ကစားခွင့် ရလာခဲ့ပါတယ်။
Photo Credit : Transfermarket
ဒါလော့က ယူနိုက်တက်မှာ ညာခြမ်းခံစစ်သာမကပဲ ဘယ်ခြမ်းခံစစ်အတွက်ကိုပါ လိုက်ပါကစားပေးနိုင်သူ ဖြစ်သလို ပြီးခဲ့တဲ့ ရာသီတွေကလည်း အသင်းအတွက် ပုံမှန် ခြေစွမ်းမျိုး ပြနိုင်သူ ဖြစ်ပေမယ့် ဒီနှစ်ထဲမှာတော့ သူရဲ့ ခြေစွမ်းတွေက အနည်းငယ် ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါလော့ဟာ ယူနိုက်တက်အတွက်တော့ ပွဲပေါင်းများစွာ ကစားပေးနေရဆဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒါလော့ရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ဆက်သွယ်မေးမြန်းမှုတွေ လုပ်ဆောင်လာတယ်လို့ စပိန်မီဒီယာ Relevo ကနေ ဖော်ပြခဲ့ပါတယ်။ ရီးယဲလ်က ကာဗာဟယ်ရဲ့ နေရာမှာ အာနိုးနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့် အာနိုးသာ မရခဲ့ရင် နောက်ထပ် options တွေအဖြစ် ဒါလော့ကိုပါ ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။
Photo Credit : The Sun
ယူနိုက်တက်အနေနဲ့ ဒါလော့ကို အသင်းကနေ အလျင်စလို ထုတ်ရောင်းသွားဖို့ အစီအစဉ် မရှိပေမယ့်လည်း လာမယ့်နွေမှာ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူဖို့အတွက် အသုံးစရိတ် များစွာ ရရှိဖို့ လိုအပ်တာမို့ ဒါလော့အတွက် ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားနိုင်ပါတယ်။
ဒါလော့က ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်သလို လက်ရှိ အသင်းမှာလည်း ပုံမှန်ပွဲကစားခွင့် ရရှိနေသူ ဖြစ်တာကြောင့် နည်းပြ အမော်ရင်ကတော့ ဒါလော့ကို အသင်းမှာသာ ဆက်ထိန်းထားချင်ပေမယ့် အသင်းဘက်က သတ်မှတ်ထားတဲ့ ယူရို သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အသင်းကနေ လက်လွတ်သွားနိုင်ပါတယ်။