မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ် အန့်ဝပ်ရဲ့ ဂိုးသမား ဆန်နီ လမ်းမန်းစ်ကို ခေါ်ယူဖို့အတွက် အရှိန်မြှင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း နောက်ဆုံးရ သတင်းတွေအရ သိရပါတယ်။ အသင်းရဲ့ နံပါတ် (၁) ဂိုးသမား အန်ဒရေ အိုနာနာရဲ့ ဒဏ်ရာပြဿနာနဲ့ အနာဂတ်မရေရာတဲ့ ဒုတိယဂိုးသမား အယ်လ်တေး ဘာယင်ဒါတို့ရဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်တို့ဟာ ဂိုးသမားနေရာအတွက် အခုလို အားဖြည့်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ အဓိကဂိုးသမား အိုနာနာဟာ ရာသီကြိုလေ့ကျင့်ခန်းတွေမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ရာသီအစပိုင်း ပွဲစဉ်တချို့ကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒီအခြေအနေက အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီး ဂိုးသမားနေရာအတွက် အရေးပေါ် အင်အားဖြည့်တင်းဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
Photo Credit : Goal
တစ်ဖက်မှာလည်း တူရကီလက်ရွေးစင် ဂိုးသမား ဘာယင်ဒါဟာလည်း အသင်းမှာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ကျောခိုင်းဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းအရင်းတွေကြောင့် ယူနိုက်တက်ဟာ အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ အရည်အသွေးမြင့် လူငယ်ဂိုးသမား ဆန်နီ လမ်းမန်းစ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
လမ်းမန်းစ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့အတွက် အဓိကကျတဲ့အချက်ကတော့ သူ့ရဲ့လက်ရှိကလပ် ရွိုင်ရယ် အန့်ဝပ်အသင်းက သူ့ကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေတာပါပဲ။ အန့်ဝပ်အသင်းဟာ လမ်းမန်းစ်အတွက် အစားထိုးဂိုးသမားအဖြစ် ဂျပန်ကလပ် FC တိုကျိုကနေ တိုင်ရှီ နိုဇာဝါကို ခေါ်ယူပြီးစီးသွားပြီဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။ အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အာဆင်နယ်နဲ့ ဘာစီလိုနာကစားသမားဟောင်း မာ့ခ် အိုဗာမားစ်က အသင်းမှာ ထိပ်တန်းဂိုးသမားနှစ်ယောက်ကြား ပြိုင်ဆိုင်မှုမျိုးကို ထပ်မမြင်ချင်တော့ဘူးလို့လည်း အရိပ်အမြွက် ပြောခဲ့ပါသေးတယ်။ ဒါဟာ လမ်းမန်းစ်အတွက် အသင်းပြောင်းဖို့ လမ်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Photo Credit : The Football Faithful
ဆန်နီ လမ်းမန်းစ်ဟာ ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့ဘောလုံးလောကမှာ ကာကွယ်မှုအများဆုံး (၁၇၇ ကြိမ်) နဲ့ ဂိုးပေးဂိုးဖြစ်နိုင်ခြေထက် ကာကွယ်မှုအများဆုံး (၁၆.၄၇ ဂိုး) ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ အရပ် (၆)ပေ (၄)လက်မရှိပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ကစားပုံက အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ သင့်တော်ကိုက်ညီမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လမ်းမန်းစ်ကိုယ်တိုင်ကလည်း ဒီနှစ်အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်လို ကမ္ဘာကျော်အသင်းကြီးက သူ့ကို စိတ်ဝင်စားတယ်လို့ ကြားသိရတဲ့အခါ အလွန်စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ “ကျွန်တော် ဒါကို ပထမဆုံးကြားလိုက်ရတုန်းက ‘ဝိုး’ လို့တောင် ဖြစ်သွားတယ်။ ကမ္ဘာ့အဆင့် ကလပ်အသင်းတစ်ခုက ကိုယ့်ကို စောင့်ကြည့်နေတယ်ဆိုတာ တကယ်ကို ထူးခြားတဲ့ ခံစားမှုပါပဲ။” လို့ သူက ဆိုပါတယ်။ သတင်းတွေအရ လမ်းမန်းစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၇ သန်းဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မန်စီးတီး၊ လိဒ်စ်နဲ့ ဆန်းဒါးလန်းတို့လို အသင်းတွေကလည်း သူ့ကို စိတ်ဝင်စားနေပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ အခွင့်အရေး အသာစီးရနေတဲ့ အနေအထား ဖြစ်ပါတယ်။