မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အကယ်ဒမီထွက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ စီစဉ်ထားသလို အခု ဆောင်းဈေးကွက်မှာလည်း ကမ်းလှမ်းမှုတွေ ရှိလာရင် ဆွေးနွေးသွားဖို့ အစီအစဉ် ရှိနေတယ်လို့ Sky Germany ကနေ ဖော်ပြလာပါတယ်။
အသက် (၂၇)နှစ်အရွယ် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းပိုင်းတွေက အားရစရာ အနေအထားမှာ ရှိမနေတာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : ESPN
ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂၅)ပွဲအထိ ကစားခဲ့ပြီး အခုဆိုရင် ယူနိုက်တက် ကစားသမားဘဝ ဆယ်စုနှစ်ပြည့်တဲ့ ရာသီကို ဖြတ်သန်းနေရပေမယ့် ရပ်ရှ်ဖို့ဒ်က ဒီရာသီမှာလည်း (၂၃)ပွဲကစား (၇)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပွဲအများစုမှာတော့ သူရဲ့ စွမ်းဆောင်ရည်တွေက မေးခွန်းထုတ်စရာကောင်းလောက်အောင် လိုအပ်ချက်တွေ ရှိနေခဲ့ရပါတယ်။
ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်မျိုးကို ရောက်ရှိနေတာတောင် ရပ်ရှ်ဖို့ဒ်က ပုံမှန်ခြေစွမ်းမျိုး တောက်လျှောက် ပြသနိုင်ဖို့ ရုန်းကန်နေရတာက သူ့ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်လာရတဲ့ အဓိက အကြောင်းအရင်း ဖြစ်လာနိုင်ပြီး တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းတောင် ရနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ရှင်းထုတ်လိုက်မယ်ဆိုရင် FFP စည်းမျဉ်းအတွက်ပါ အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : Goal
ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး ရပ်ရှ်ဖို့ဒ် ဇက်ခ်ဇီးတို့ကို အသင်းကနေ ရှင်းထုတ်ကာ နာပိုလီက ဗစ်တာ အိုဆီမန်နဲ့ စပို့တင်း လစ္စဘွန်းက ဗစ်တာ ယိုကယ်ရက်စ်တို့ကို ပြန်လည် အားဖြည့် ခေါ်ယူသွားချင်နေပါတယ်။
ဒါပေမယ့် ဒီကစားသမားတွေရဲ့ တန်ကြေးတွေက မြင့်မားလွန်းနေပြီး အိုဆီမန်အတွက်ဆိုရင်လည်း ပေါင်သန်း(၆၀)အထိ အသုံးပြုရမှာ ဖြစ်သလို ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကိုလည်း ပေါင်သန်း(၁၀၀)လေက်အထိနဲ့ပါ ကမ်းလှမ်းရနိုင်ပြီး ဒီတိုက်စစ်ကစားသမား နှစ်ဦးလုံးကိုပါ ကလပ်အသင်း အမြောက်အများက ခေါ်ယူချင်နေပါတယ်။