မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကတော့ ပြန်လည် တစ်စခန်းထလာပါတော့မယ်။ လက်ရှိမှာ ကစားသမားဖြစ်သူက ဘာစီလိုနာမှာ မပျော်ရွှင်တော့ပဲ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားချင်နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်က ဘာစီလိုနာအသင်းဟာ အေဂျက်စ်အသင်းကနေ နယ်သာလန် ကြယ်ပွင့်ကစားသမားလေး ဒီဂျောင်ကို ခေါ်ယူခဲ့ပြီး ဒီဂျောင်ကလည်း အချိန်တိုလေးအတွင်းမှာပဲ ဘာစီလိုနာအသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီဂျောင်နဲ့ သူ့အသင်းဟောင်း အေဂျက်စ်အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က မန်ယူနိုက်တက်အသင်း နည်းပြသစ် ဖြစ်လာချိန်မှာ ဒီဂျောင်ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး ဘယ်လိုမှ မရနိုင်တော့မှသာ လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီဂျောင်ကိုယ်တိုင်က ဘာစီလိုနာအသင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အတော်လေး စိတ်ပျက်လျက် ရှိနေပြီး လာမယ့်နွေမှာပါ အသင်းကနေ ထွက်ခွာသွားချင်လာတာကြောင့် ဒီအခွင့်အရေးကို ယူနိုက်တက်ဘက်က အသုံးချသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : The Independent

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက အသင်းမှာ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ကစားသမားတွေကို လာမယ့်နွေမှာပဲ ရောင်းချသွားမယ်လို့ အသိပေးခဲ့ပြီးနောက် ဒါက နောက်ခံလူ အာရူဟို နဲ့ ကွင်းလယ်လူ ဒီဂျောင်တို့ကို သတိပေးလိုက်သလို ဖြစ်လာခဲ့ရပါတယ်။

ဒီအခြေအနေတွေကို ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသုံးချသွားဖို့ ရှိနေပြီး ယူနိုက်တက် ကွင်းလယ်လူ ကက်စီမဲရိုးကလည်း နွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနိုင်တာကြောင့် ဒီဂျောင်ကို ကက်စီမဲရိုးနေရာမှာ အစားထိုးသွားဖို့အတွက် အရ ခေါ်ယူသွားဖို့ ရှိနေပါတယ်။