ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးသူဖြစ်တဲ့ ဖူလ်ဟမ် နောက်ခံကစားသမား တိုဆင် အဒါရာဘီအိုယိုဟာ အခုဆိုရင် သူအားပေးတဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကစားရဖို့ နီးစပ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး အဒါရာဘီအိုယိုဟာ မန်ချက်စတာ စီးတီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး စီးတီးမှာ နေရာမရလို့ ဝက်ဘရွန်း ဘလက်ဘန်းတို့ဆီ အငှားနဲ့ သွားကစားခဲ့ရသလို ၂၀၂၀မှာပဲ ဖူလ်ဟမ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : The Sun

အဒါရာဘီအိုယိုဟာ ဖူလ်ဟမ်အသင်းဆီကို (၃)နှစ်+ထပ်တိုး(၁)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး အခုဆိုရင် ဖူလ်ဟမ်အတွက် စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေသလို စုစုပေါင်း (၁၂၆)ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။

အရပ်အမောင်း အတော်လေး မြင့်မားသူဖြစ်ပြီး အမြင့်ဘောတွေ ကောင်းမွန်သူ ခံစစ်တန်းကနေ ကွင်းလယ် ဒါမှမဟုတ် တိုက်စစ်ဆီကို အကွက်မြင်မြင် ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်နိုင်သူ အဒါရာဘီအိုယိုဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ ဖူဟ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်မှာ (၃)ရာသီလောက် ကျင်လည်ခဲ့ဖူးတဲ့ အဒါရာဘီအိုယိုကို ယူနိုက်တက် အပါအဝင် လီဗာပူးလ် စပါးနဲ့ အေစီမီလန်တို့က အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေသလို ဖူလ်ဟမ်ကလည်း စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် မန်ချက်စတာမြို့မှာ မွေးဖွားခဲ့သူဖြစ်တဲ့ အဒါရာဘီအိုယိုကတော့ သူငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားဖွယ် ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း အသင်းနဲ့ ပူးပေါင်းချင်နေတဲ့ အဒါရာဘီအိုယိုကို အရ ခေါ်ယူသွားဖို့ ရှိနေပါတယ်။