မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စတုဂတ်အသင်းရဲ့ ဂိုးသွင်းစက် တိုက်စစ်မှူး ဂွီရက်ဆီကို ခေါ်ယူသွားဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူ ဆစ်ဆိုခိုနဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ Mirror ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဂီနီ တိုက်စစ်မှူး ဂွီရက်ဆီဟာ ဒီနှစ် ဘောလုံးရာသီအတွင်း စတုဂတ်အသင်းမှာ မယုံကြည်နိုင်လောက်အောင် ခြေစွမ်းပြသလို့နေပြီး ပြိုင်ပွဲစုံမှာလည်း အသင်းအတွက် (၁၈)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Medium

ဒီလောက် ခြေစွမ်းပြသနေတဲ့ ဂွီရက်ဆီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် (၁၅)သန်းသာ အံ့အားသင့်ဖွယ် ရှိနေတာကြောင့် ဒီကစားသမားကို ကလပ်အသင်း အများအပြား အပြိုင် စိတ်ဝင်စားလာကြပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပါတယ်။

နွေတုန်းက တိုက်စစ်ပိုင်းအတွက် ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ခေါ်ယူ အားဖြည့်ခဲ့တဲ့ ယူနိုက်တက်က အသင်းတိုက်စစ်မှာ ဟွိုင်လန်းအပြင် ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ ဂါနာချိုတို့ပါ အသင်းရဲ့ သွင်းဂိုးတာဝန်တွေအတွက် ရုန်းကန်နေရတာကြောင့် ဂွီရက်ဆီကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Footbalium

စတုဂတ်ကလည်း သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး မဆိုသလောက်လေးနဲ့ လက်လွတ်ရမှာကို လက်မခံနိုင်လို့ စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ဆောင်ထားပေမယ့် ဂွီရက်ဆီဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ထားတာကြောင့် ဒါက ယူနိုက်တက်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်ဟာ ဂွီရက်ဆီရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ အပြောင်းအရွှေ့ ကိစ္စရပ်အတွက် ဆွေးနွေး ညှိနှိုင်းနေပြီဖြစ်ပြီး လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေတယ်လို့ပါ သုံးသပ်နေကြပါတယ်။