မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ ဆယ်ကျော်သက် အာဂျင်တီးနား ခံစစ်ကစားသမားလေး အာရွန် အန်ဆယ်မီနိုကို ခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ခံစစ်ကစားသမားလေး အန်ဆယ်မီနိုဟာ အသက် (၁၂)နှစ်အရွယ်မှာကတည်းက ဘိုကာဂျူနီယာ လူငယ် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေကြောင့် ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit : mufcMPB

အရပ်အမောင်း (၆)ပေ (၁)လက်မအထိ မြင့်မားတဲ့ အန်ဆယ်မီနိုဟာ ခံစစ်ကျောက်ဆောင်လို့ လူသိများသူဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်ရချိန်မှာလည်း ဘောလုံးဖြတ်ထုတ်မှု ရှင်းထုတ်မှု ကောင်းမွန်သူလည်း ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အန်ဆယ်မီနိုကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း ပါဝင်လျက် ရှိနေသလို အခုဆိုရင်လည်း ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

Photo Credit : Transfermarket

အန်ဆယ်မီနိုနဲ့ ဘိုကာဂျူနီယာအသင်းတို့ကြားမှာတော့ ယူရို (၁၇)သန်း စာချုပ်ဖျက်သိမ်းကြေး ရှိနေတာကြောင့် ယူနိုက်တက်က အဲ့ဒီ စာချုပ်ဖျက်သိမ်းကြေးအတိုင်း ကမ်းလှမ်းသွားဖို့ပါ အဆင်သင့် ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်က အန်ဆယ်မီနိုကို ခေါ်ယူပြီးသွားရင်တော့ ဘိုကာဂျူနီယာမှာပဲ ဒါမှမဟုတ် ဥရောပ ကလပ်အသင်း တစ်သင်းသင်းမှာ တစ်ရာသီခန့် အငှားချသွားဖို့ ရှိနေပြီး ခံစစ်ပိုင်း လိုအပ်ချက်တွေ မကြာခဏ ဖြစ်ပေါ်နေတက်တဲ့ ယူနိုက်တက်က အန်ဆယ်မီနိုကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။