မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား အီဒါဆန်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ GOAL Brasil ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှ ဖီအိုရင်တီးနားရဲ့ ကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ် နဲ့ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်တို့ကို ခေါ်ယူထားသလို အသင်းမှာလည်း ကက်စီမဲရိုး အဲရစ်ဆင် တွမ်မီနေး ဖာနန်ဒက်စ်တို့လည်း ရှိနေပါတယ်။

Photo Credit : Milan Reports

ဒါပေမယ့်လည်း ကစားသမားသစ် အမ်မရာဘတ်က ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိသလို ကက်စီမဲရိုးဟာလည်း မနှစ်ကလို ခြေစွမ်းမျိုး မပြနိုင်ပဲ ဒဏ်ရာ ပြသာနာတွေနဲ့သာ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် ကက်စီမဲရိုးဟာလည်း ယူနိုက်တက်မှာ အနာဂတ် မရေရာတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ပါ ရှိနေပါတယ်။

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်း အထူးသဖြင့် ကွင်းလယ်ခံစစ်ပိုင်းအတွက် ကစားသမားသစ် အားဖြည့်ဖို့ ပြင်ဆင်လာခဲ့ပြီး လက်ရှိမှာတော့ ယူနိုက်တက် ဘိုင်ယန်က ကင်မစ်ချ် နဲ့ အတ္တလန်တာက အီဒါဆန်တို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Football Talk

ဘိုင်ယန်ရဲ့ ဂျာမနီ ကွင်းလယ်လူ ဂျိုရှုအာ ကင်မစ်ချ်က ယူနိုက်တက်အပြင် မန်စီးတီး လီဗာပူးလ်တို့လည်း အလိုရှိနေကြပြီး သူရဲ့ တန်ကြေးကလည်း အလွန် မြင့်မားနိုင်တာကြောင့် အခုလို ဆောင်းဈေးကွက်ထဲ ခေါ်ယူနိုင်ဖို့က ယူနိုက်တက်အတွက် အတော်လေး ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် ယူနိုက်တက်က အသက် (၂၄)နှစ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ယူ-၂၀ ကွင်းလယ်လူ အီဒါဆန်ကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အီဒါဆန်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားရခြင်း မရှိသေးပေမယ့်လည်း ယူနိုက်တက်က အီဒါဆန်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေသလို အီဒါဆန်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။