မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက အက်စတွန် ဗီလာအသင်းထံ အငှားချခဲ့ရာမှာ သူ့ရဲ့အပြောင်းအရွှေ့ကနေတစ်ဆင့် နောက်ထပ်ကစားသမားတစ်ဦး ပြောင်းပြန်လမ်းကြောင်းအတိုင်း ယူနိုက်တက်ဆီရောက်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ် ကုန်ဆုံးခါနီးမှာ ဗီလာအသင်းရဲ့ တိုက်စစ်မှူး အော်လီ ဝက်ကင်စ်ကို အလိုက်ပေးကမ်းလှမ်းမှုနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက်(၂၇)နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင် အာမိုရင်ရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယတစ်ဝက်ကို ဗီလာပါ့ခ်မှာ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : Football365
အငှားစာချုပ်ထဲမှာ ဗီလာအသင်းအနေနဲ့ ယူနိုက်တက် တိုက်စစ်မှူးကို ပေါင်သန်း(၄၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ အချက်တစ်ချက် ပါဝင်ခဲ့ပေမယ့် ဝက်ကင်စ်နဲ့ အလဲအလှယ်လုပ်မယ့် အစီအစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင် အခြေအနေတွေက တော်တော်လေး ကွဲပြားသွားနိုင်ခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွယ် ဝက်ကင်စ်ဟာ ဇန်နဝါရီလကတည်းက ရောင်းချခံရနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းထံတောင် ကမ်းလှမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ ဝက်ကင်စ်ကို ခေါ်ယူဖို့ ဗီလာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခုအခါမှာတော့ ဗီလာအသင်းက အပြီးသတ် ခေါ်ယူတော့မှာ မဟုတ်တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့နဲ့ သီးခြားစီအနေနဲ့ ယူနိုက်တက်တို့က ဝက်ကင်စ်အတွက် ထပ်မံစုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။
Photo Credit : Football Transfer
နည်းပြအာမိုရင်က တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူလိုနေပြီး ဝက်ကင်စ်က ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကတော့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာပေမယ့် ယူနိုက်တက်မှာ အနာဂတ် မရှိတော့ဘူးလို့ ထင်ရပါတယ်။ တစ်ဖက်မှာလည်း ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ရေးစည်းမျဉ်း (PSR) တွေနဲ့ ရုန်းကန်နေရပြီး အပြစ်ပေးခံရမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် တန်ဖိုးကြီးတဲ့ ရောင်းချမှုတစ်ခု ပြုလုပ်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဗီလာပါ့ခ်ရဲ့ အကြီးအကဲတွေဟာ ချယ်လ်ဆီးရဲ့လုပ်ရပ်အတိုင်း သူတို့ရဲ့အမျိုးသမီးအသင်းကို ရောင်းချသွားနိုင်တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဝက်ကင်စ်ကို ရောင်းချခြင်းကလည်း ပရိသတ်တွေရဲ့ ဒေါသကို ဖြစ်စေမှာဖြစ်ပြီး ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက တိုက်စစ်မှူး ဂျွန်ဒူရန်ကို ဆော်ဒီကလပ် အယ်လ်နာဆာထံ ပေါင်(၆၅)သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်မတင်လေး လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။