မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် နံပါတ် (၉)နေရာ အထောင်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကစားသမား အိုင်ဗန် တိုနေးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြထားခဲ့ပါတယ်။

ဒီနွေမှာ ဟယ်ရီကိန်း အိုဆီမန်တို့လို တိုက်စစ်မှူးတွေကို ပစ်မှတ်ထားခဲ့ရင်း နောက်ဆုံးမှာတော့ အတ္တလန်တာက ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကိုသာ ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်က လာမယ့်နွေမှာပဲ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခန့်လောက် ထပ်မံ ဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : TNT Sports

ကစားသမားသစ်လေး ဟွိုင်လန်းက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၅)ပွဲအထိ ကစားပြီးချိန်မှာ (၇)ဂိုးတည်းသာ သွင်းထားနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ ဂါနာချိုတို့ဟာလည်း ဂိုးသွင်းယူဖို့ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်လို့ ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား လိုအပ်လာခဲ့ပါတယ်။

ဒီအတွက် ယူနိုက်တက်ဟာ အခု ဆောင်းဈေးကွက်မှာပဲ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်ပေမယ့်လည်း FFP စည်းမျဉ်းတွေကြောင့် လာမယ့်နွေမှသာ ခေါ်ယူရနိုင်ဖွယ် ရှိနေပြီး လတ်တလောတော့ ကစားသမား (၂)ဦးကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : Sky News

ပထမတစ်ဦးကတော့ နည်းပြ တန်ဟက်ဂ်ရဲ့ တပည့်ကျော် ဘရိုင်ယန် ဘရော်ဘီဖြစ်ပြီး ဒီအေဂျက်စ် တိုက်စစ်မှူး ယူနိုက်တက်ဆီ ရောက်လာဖို့က တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ပါ တိုက်ရိုက် အချိုးကျနိုင်တာမို့ ဘရော်ဘီ အပြောင်းအရွှေ့က မသေမချာ ဖြစ်နေရပါတယ်။

ယူနိုက်တက်က ဘရော်ဘီအပြင် မကြာသေးခင်ကမှ ဘောလုံးပြန်ကစားခွင့် ရရှိထားတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးရဲ့ အခြေအနေကိုလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ဂိုး(၂၀)ထိ သွင်းယူထားတဲ့ အင်္ဂလန် တိုက်စစ်မှူးကို အာဆင်နယ်က စိတ်ဝင်အစားဆုံး ဖြစ်နေပေမယ့် ယူနိုက်တက်ကလည်း အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းလာဖို့ ရှိနိုင်ပြီး မာရှယ်ကိုလည်း နွေမှာ အသင်းကနေ အလွတ်နဲ့ လက်လွတ်ရတော့မှာမို့ တိုက်စစ်ပိုင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးကို မဖြစ်မနေ ပြန်လည် အားဖြည့်ဖွယ် ရှိနေပါတယ်။