မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂိုးသမား ဒင်းဟန်ဒါဆန်ကို ခရစ္စတယ် ပဲလေ့စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်း + အပိုဆုကြေး ပေါင် (၅)သန်းအပြင် sell-on clause တို့နဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒင်းဟန်ဒါဆန်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက နော်တင်ဟမ် ဖောရက်စ်အသင်းမှာ တစ်ရာသီ အငှားချခဲ့ပြီး နော်တင်ဟမ်ကလည်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ်က မတ် တာနာကိုပဲ ခေါ်ယူခဲ့တာကြောင့် ဟန်ဒါဆန်ကို ကြိုးပမ်းနေမှုအား ရပ်တန့်လိုက်ပါတယ်။

Photo Credit : Twitter

ဒါပေမယ့် ဂိုးသမား လိုအပ်နေတဲ့ ပဲလေ့စ်အသင်းက အင်္ဂလန် ဂိုးသမား ဟန်ဒါဆန်ကို ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ရာ လက်ရှိမှာတော့ အသက် (၂၆)နှစ်အရွယ် ဂိုးသမားကို ပဲလေ့စ်က ပေါင် သန်း (၂၀)နဲ့ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပဲလေ့စ်အသင်းက ဂိုးသမားတွေအဖြစ် ဆမ် ဂျွန်စတုန်း နဲ့ ဂွီတာတို့ ရှိနေပေမယ့်လည်း ဂွီတာကို ဆက်လက် အသုံးပြုဖို့ ဆန္ဒမရှိတော့တာကြောင့် ဂိုးသမားသစ်တစ်ဦး ရှာဖွေနေရာ အခုတော့ ဒင်းဟန်ဒါဆန်ကို ယူနိုက်တက်အသင်းကနေ သေချာပေါက် ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အနေနဲ့ ဟန်ဒါဆန်ကို လက်လွတ်ပြီးတာနဲ့ ဖီနာဘာချီအသင်းရဲ့ တူရကီ ဂိုးသမား ဘယင်ဒါကို ပြန်လည် ခေါ်ယူသွားတော့မှာဖြစ်ပြီး ဂိုးသမား အန်ဒရေ အိုနာနာရဲ့ back-up ဂိုးသမားအဖြစ်နဲ့ အသုံးပြုသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်က လက်ရှိမှာ ဂိုးသမား ဘယင်ဒါအပြင် နောက်ထပ် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း နဲ့ ဘယ်ခြမ်း ခံစစ်ပိုင်းအတွက်ကိုပါ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူသွားဖို့ ရှိနေပြီး ကွင်းလယ်အတွက် အမ်မရာဘတ် နဲ့ ဘယ်နောက်ခံ နေရာအတွက် ကူကူရယ်လာတို့ကို ပစ်မှတ်ထားလို့နေပါတယ်။